International News

ပထမနှစ်ဝက်အတွင်း ဆန်တင်သွင်းမှု ၂.၇၅ သန်း မက်ထရစ်တန်အထိမြင့်တက်လာ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ Bureau of Plant Industry(BPI)၏အချက်အလက်များအရ ယခုနှစ် ပထမခြောက်လအတွင်း ဆန်တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၂၀.၁ ရာခိုင်နှုန်း(တန်ချိန် ၄၆၀,၀၀၀ ခန့်)ပိုမိုမြင့်တက်ခဲ့ပြီး စံချိန်တင်အမြင့်ဆုံးပမာဏဖြစ်သော တန်ချိန် ၂.၇၅ သန်းအထိရှိခဲ့သည့်သတင်းအား ဖိလစ်ပိုင်နိုင်ငံအခြေစိုက် The Philippine Star သတင်းစာတွင် ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ဇန်နဝါရီလမှ ဇွန်လအထိတင်သွင်းမှုပမာဏသည် BPI က ၂၀၁၉ ခုနှစ်တွင် ဆန်တင်သွင်းမှုမှတ်တမ်းများစတင်ကောက်ခံခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးပထမနှစ်ဝက် ဆန်တင်သွင်းမှုဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာန၏ တစ်နှစ်တာလုံးခန့်မှန်းချက်(တန်ချိန် ၄.၈ သန်း)၏ ၅၇ ရာခိုင်နှုန်း(ထက်ဝက်ကျော်)ရှိနေပြီဖြစ်ကြောင်း၊ လောင်စာဆီနှင့် မြေဩဇာစျေးနှုန်းများမြင့်မားလာခြင်း၊ အယ်လ်နီညို (El Niño)ကြောင့် ဈေးကွက်အတွင်း ဆန်စျေးနှုန်းနှင့် ထောက်ပံ့မှုကို မျှခြေဖြစ်စေရန် ဆန်တင်သွင်းမှုကို တိုးမြှင့်ခဲ့ကြောင်း၊ ဆန်တင်သွင်းမှု ၂၀ ရာခိုင်နှုန်းတိုးလာသော်လည်း ဈေးကွက်လိုအပ်ချက်အတွက်စိန်ခေါ်မှုများရှိနေသေးကြောင်း၊ နှစ်ကုန် အထိဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့် လုံလောက်စွာရရှိစေရန် လုပ်ဆောင်နေပြီး ဆန်တင်သွင်းမှုကြောင့် စပါးစျေးနှုန်းများကျဆင်းမသွားစေရန်လည်း လယ်သမား များကို အာမခံထားသည်ဟု  စိုက်ပျိုးရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ  Arnel de Mesa က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA) အနေဖြင့် လာမည့်ရိတ်သိမ်းရာသီတွင် ပြည်တွင်းစပါးကို ဈေးမြှင့်ဝယ်ယူမည်ဖြစ်ပြီး တတိယသုံးလပတ်မှစ၍ စပါးအစိုတစ်ကီလိုလျှင် ၂၂ ပီဆိုနှင့် စပါးအခြောက်တစ်ကီလိုလျှင် ၂၇ ပီဆိုသတ်မှတ်ထားကြောင်း၊ တစ်ချိန် တည်းတွင် ကမ္ဘာ့ဆန်ဈေးသက်သာနေခြင်းကိုလည်း အခွင့်ကောင်းယူသင့်ကြောင်း De Mesa က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

နှစ်ကုန်အထိ ဆန်ဈေးနှုန်းနှင့် ပမာဏတည်ငြိမ်ရန် မျှတစွာလုပ်ဆောင်နေပြီး ဆန်တင်သွင်းမှုပိတ်ပင်ခြင်းရှိ/မရှိမှာ စိုက်ပျိုးရေးဝန်ကြီးအပေါ် မူတည်သည်ဟု De Mesa က ပြောကြားခဲ့ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုလျော့ကျခြင်းနှင့်မိုးခေါင်မှုကြောင့် ယခုနှစ်တွင် ဖိလစ်ပိုင်၏ပြည်ပဆန်တင်သွင်းမှုသည် ၅.၇ သန်းမက်ထရစ်တန်အထိရှိလာနိုင်ပြီး ကမ္ဘာ့အများဆုံးဆန်တင်သွင်းသည့်နိုင်ငံအဖြစ် ဆက်ရှိနေမည်ဟု အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း ဖော်ပြထားပါ သည်။

Source: The Philippine Star သတင်းစာ- Rice imports rise to record 2.75 million MT in H1

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့) 

Category: International News