International News

အိန္ဒိယ၏ ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သား၊ နို့ထွက်ပစ္စည်း၊ ဘာစမာတီဆန်နှင့် နှံစားသီးနှံများအတွက်  အရှေ့အလယ်ပိုင်းဒေသသည် ကြီးမားသောဈေးကွက်ဖြစ်

Last Updated:

သွင်းကုန်များအတွက် အိန္ဒိယအစိုးရ၏ပံ့ပိုးကူညီမှုကို တောင်းဆိုမှုနှင့်အတူ အိန္ဒိယ၏ ကြက်သား၊ နို့ထွက်ပစ္စည်း၊ ဘာစမာတီဆန်၊ အေးခဲပင်လယ်စာထွက်ကုန်များနှင့် ဂျုံထွက်ကုန်များအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ ၀ယ်လိုအားကြီးမားစွာရှိသည်ဟု ယူအေအီးစားသောက် ကုန်လုပ်ငန်းမှ ပြောကြား ခဲ့ကြောင်းနှင့် UAE မှ လုပ်ငန်းရှင်များက စားသောက်ကုန်များအတွက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များတွင် လွယ်ကူချောမွေ့မှုရှိစေရေး၊ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာ ထုတ်ကုန်များတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် အဖွဲ့(APEDA)နှင့် ပိုမိုညှိနှိုင်းဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းများသဟဇာတဖြစ်အောင် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များတွင် အိန္ဒိယအစိုးရ၏ ပံ့ပိုးကူညီမှုကို တောင်းဆိုထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယထုတ်ကုန်များ၏ အရည်အသွေးမြင့်ထုပ်ပိုးမှုသည် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)ကဲ့သို့သောနိုင်ငံများတွင် အစားအစာနှင့်စားသောက်ကုန်ထုတ်ကုန်များ တင်ပို့မှုတိုးမြင့်လာစေရန် အိန္ဒိယပို့ကုန်လုပ်ငန်းရှင် များအား အထောက်အကူပြုစေကြောင်းနှင့် ပြီးခဲ့သည့်သီတင်းပတ်က ယူအေအီးသို့ရောက်ရှိခဲ့သော အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Piyush Goyal က သွင်းကုန်လုပ်ငန်းရှင်များနှင့် အသေးစိတ်ဆွေးနွေးခဲ့ပြီး အိန္ဒိယမှ ပို့ကုန်တိုးမြှင့်ရန်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများသည် အေးခဲထားသည့်ထုတ်ကုန်များကို တင်ပို့ရန် အိန္ဒိယအတွက် ကြီးမားသည့်ဈေးကွက်ကြီးဖြစ်ကြောင်း Global Food Industries LLC မှ UAE(Frozen and Beverages)၏ အရောင်းဌာနမှူး Nissar Thalangara က ပြောကြားခဲ့ကြောင်း၊ အိုမန်အခြေစိုက် Khimji Ramdas Group မှ ကိုယ်စားလှယ်တစ်ဦးကလည်း အိန္ဒိယဘာစမာတီဆန်ကို ဝယ်လိုအားရှိနေပြီး ယင်းဆန်အပေါ် အနိမ့်ဆုံးပို့ကုန်စျေးနှုန်း(MEP)လျှော့ချခြင်းသည် အိန္ဒိယတင်ပို့မှုကိုမြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့ကြောင်းနှင့် လက်ရှိတွင် MEP တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ မှ  ၈၅၀ သို့ လျှော့ချရန် အိန္ဒိယအစိုးရက စဉ်းစားနေကြောင်း သိရသည်။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(Gulf Cooperation Council - GCC) နိုင်ငံများမှ အခြားသောကုန်သည်များက ဟာလာလ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးကိစ္စကို တင်ပြခဲ့ကြကြောင်းနှင့် အိန္ဒိယနိုင်ငံသည် ဟာလာလ်အသားအသိအမှတ်ပြုစနစ်တစ်ခုကို စနစ် တကျတည်ဆောက်ထားရှိကြောင်း သိရှိရသည်။

Allanasons Pvt Ltd မှ အမှုဆောင်ဒါရိုက်တာ Fauzan Alavi က အိန္ဒိယနှင့် ယူအေအီးကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်သည် အသားထွက်ကုန်များတင်ပို့မှုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေကြောင်းနှင့် အိန္ဒိယမှ ယူအေအီးသို့ ပို့ကုန်များတိုးမြှင့်နိုင်ရန် အခွင့်အလမ်းများ ပိုမိုတွေ့မြင် ရသည်ဟု ပြောကြားခဲ့သည်။

အလားတူအမြင်များကို မျှဝေရာတွင် Choithrams(လက်လီဝယ်ယူရေး)အကြီးအကဲဖြစ်သူ  Kirti Meghnani က ကုန်ပစ္စည်းများထုပ်ပိုးခြင်းအပေါ် အာရုံစိုက်ခြင်းသည် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအား UAE နှင့် အခြားသောပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြင့်လာစေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း၊ Appcorp Holding ဥက္ကဋ္ဌ Nitesh Ved က APEDA ရုံးတစ်ခုတည်ထောင်ခြင်းသည် အစားအသောက်လုပ်ငန်းကို အထောက်အကူဖြစ်စေမည်ကြောင်း အကြံပြုခဲ့ကြသည်။

GCC အဖွဲ့မှ အခြားတင်သွင်းသူများကလည်း အိန္ဒိယချည်ထည်လုပ်ငန်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများအတွက် ၀ယ်လိုအားရှိကြောင်းနှင့် အိန္ဒိယသည် စံချိန်စံညွှန်းများ၊ ထုပ်ပိုးခြင်းနှင့် တံဆိပ်ကပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို  စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ-ယူအေအီးကုန်သွယ်ရေးသဘောတူညီချက်ကို ယမန်နှစ် မေလတွင် အကောင်အထည်ဖော်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ -၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂.၉ ဘီလီယံမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၄.၉ ဘီလီယံအထိ တိုးမြင့်လာခဲ့ကြောင်း သိရှိရသဖြင့် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်း‌ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source :   Huge demand for Indian chicken, dairy, basmati rice, wheat products in Middle East: UAE industry, The Economic Times, 8 October 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News