အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂလွပ်လပ်စွာကုန်သွယ်မှုအသင်း(EFTA)တို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Trade and Economic Partnership Agreement -TEPA)သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်၍ တရားဝင်အသက်ဝင်လာခဲ့ကြောင်း နှင့် အဆိုပါသမိုင်းဝင်သဘောတူညီချက်သည် ၁၅ နှစ်တာကာလအတွင်း အလုပ်အကိုင် ၁ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရင်းနှီးမြှုပ်နှံမှုတို့ကို ကတိပြုထားကြောင်း The Pamphlet သတင်းဌာနက ယခုလ ၁ ရက်နေ့က ဖော်ပြသည်။
အဆိုပါသဘောတူညီချက်သည် ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့်အလုပ်အကိုင်ဖန်တီးမှုတို့အတွက် ယခင်က မကြားဖူးသော အခွင့်အလမ်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ဥရောပအဆင့်မြင့်စီးပွားရေး နိုင်ငံ ၄ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးကို ခိုင်မာစေမည့်အပြင် အိန္ဒိယနိုင်ငံသားများနှင့် ကုမ္ပဏီများအတွက် အကျိုးရှိစေမည်ဖြစ်သည်။ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Piyush Goyal က အဆိုပါဖြစ်ပေါ်တိုးတက်မှုကို အမှန်တကယ်ပင် သမိုင်းဝင်ဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။ ၎င်းသည် အိန္ဒိယနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် Liechtenstein နိုင်ငံတို့အကြားပြုလုပ်ခဲ့သည့် ပထမဆုံးလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(TEPA)သည် ပုံမှန်ချုပ်ဆိုသောကုန်သွယ်ရေးသဘောတူညီမှုများနှင့်မတူညီကြောင်း၊အဘယ်ကြောင့်ဆိုသော် EFTA အဖွဲ့ဝင်နိုင်ငံများက အိန္ဒိယနိုင်ငံတွင် ၁၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံရင်းနှီးမြှုပ်နှံရန် သဘောတူညီခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ အစိုးရ၏ဘက်စုံပါဝင်သောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့်အညီ အဆိုပါသဘော တူညီချက်သည် အိန္ဒိယ၏အရေးအကြီးဆုံးစီးပွားရေးပြဿနာများထဲမှတစ်ခုကို ဖြေရှင်းရန်အတွက် တိုက်ရိုက်အလုပ်အကိုင် ၁ သန်းဖန်တီးပေးရန်လည်း ကတိပြုထားသည်။ ထို့အပြင် အဆိုပါသဘောတူညီချက်ပါ ကျယ်ပြန့်သော အကောက်ခွန်လျှော့ချမှုကြောင့် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်အရ EFTA မှ အိန္ဒိယ၏ပို့ကုန် ၉၉ ဒသမ ၆ ရာခိုင်နှုန်းကို သွင်းကုန်ခွန်များဖယ်ရှားခြင်း သို့မဟုတ် လျှော့ချခြင်းများပြုလုပ်ပေးမည်ဖြစ်ပြီး EFTA ၏ ပို့ကုန် ၉၅ ဒသမ ၃ ရာခိုင်နှုန်းကို အိန္ဒိယမှ သွင်းကုန်ခွန်များဖယ်ရှားခြင်း သို့မဟုတ် လျှော့ချခြင်းများအပြန်အလှန်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေးမဟုတ်သော ကုန်ပစ္စည်းများအတွက် ၁၀၀ ရာခိုင်နှုန်း ဈေးကွက်ဝင်ရောက်ခွင့်နှင့် ပြုပြင်ပြီးစိုက်ပျိုးရေးထွက်ကုန်များအပေါ် အကောက်ခွန်လျှော့ပေါ့မှုများပေးအပ်ထားသည့် အဆိုပါမူဘောင်ကြောင့် တင်ပို့သူများနှင့် တင်သွင်းသူများအနေဖြင့် ပိုမိုတည်ငြိမ်သော စီးပွားရေးပတ်ဝန်းကျင်မှ အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ ကဏ္ဍအလိုက်ကြည့်ပါက လုပ်ငန်းအမျိုးမျိုးသည် ၎င်းသဘောတူညီချက်ကြောင့် အကျိုးကျေးဇူးခံစားရမည်ဖြစ်ကြောင်း သိရသည်။
အခြေခံအဆောက်အအုံ၊ စက်ယန္တရား၊ ဆေးဝါး၊ ဓာတုဗေဒ၊ အစားအသောက်ပြုပြင်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှုနယ်ပယ်များတွင် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ခြင်းဖြင့် အဆိုပါ TEPA သည် “အိန္ဒိယနိုင်ငံတွင်ပြုလုပ်သည်”(“Make in India”)နှင့် Atmanirbhar Bharat(မိမိကိုယ်ကို မှီခိုအားထားရေး)ကို တိုးတက်စေမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်သည် အိန္ဒိယ၏ စီးပွားရေး၊ အိုင်တီ၊ ပညာရေး၊ အသံနှင့် အမြင် ဆိုင်ရာဝန်ဆောင်မှု(Audio-visual services)ပို့ကုန်များကို တိုးမြှင့်ရန်အတွက် အထူးကောင်းမွန်သော အနေအထားတွင်ရှိပြီး အဆင့်မြင့်ဥရောပဈေးကွက်များတွင် အိန္ဒိယစီးပွားရေးလုပ်ငန်းများ ကြီးထွားလာစေရန် တံခါးဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်တွင် ပညာရှင်များရွှေ့ပြောင်းသွားလာနိုင်မှု (Professional mobility)လည်း အကျုံးဝင်မှုရှိသည့်အတွက် ဗိသုကာပညာ၊ စာရင်းကိုင်ပညာနှင့် သူနာပြုလုပ်ငန်းနယ်ပယ်များရှိ အိန္ဒိယပညာရှင်များအတွက် အပြန်အလှန်အသိအမှတ်ပြုမှုအစီအစဉ်များ(Mutual Recognition Arrange ments-MRAs)မှတစ်ဆင့် ရွှေ့ပြောင်းသွားလာနိုင်ရန် တံခါးဖွင့်လှစ်ပေးမည်ဖြစ် ကြောင်းနှင့် ကျွမ်းကျင်သော အိန္ဒိယပညာရှင်များ ရွှေ့ပြောင်းသွားလာနိုင်မှုအတွက် အတားအဆီးများကို ဖယ်ရှားပေးပြီး တန်ဖိုးမြင့်ထုတ်လုပ်မှုကဏ္ဍများတွင် အခွင့် အလမ်းများဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို မြှင့်တင်ရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ life sciences၊ အင်ဂျင်နီယာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနယ်ပယ်များတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ရန်အတွက် ပြတင်းတစ်ပေါက်တည်းစနစ်(Single-window platform)တစ်ခုကို တည်ထောင် ထားကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်သည် လွတ်လပ်စွာဆောင်ရွက်နိုင်ခြင်း(Liberalization)ကို လက်ခံထားသော်လည်း အထိခိုက်မခံနိုင်သော ပြည်တွင်းအကျိုးစီးပွားများအတွက် ကာကွယ်မှုများပါဝင်ကြောင်းသိရသည်။ လယ်ယာစိုက်ပျိုးရေးအသိုင်းအဝိုင်းများနှင့် ထိခိုက်လွယ်သောကဏ္ဍများကာကွယ်ရန် နို့ထွက်ပစ္စည်း၊ ပဲပုပ်၊ ကျောက်မီးသွေးနှင့် ထိခိုက်လွယ်သော စိုက်ပျိုးရေးထွက်ကုန်များကဲ့သို့သောလုပ်ငန်းများသည် ကင်းလွတ်ခွင့်စာရင်းတွင် ဆက်လက်ပါဝင်နေကြောင်း တွေ့ရှိရသည်။
အဆိုပါအိန္ဒိယ-EFTA ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်သည် အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ ရင်းနှီးမြှုပ်နှံမှုကတိကဝတ်များနှင့်အတူ အလုပ်အကိုင်ဖန်တီးမှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုအခွင့်အလမ်းများ ပေါင်းစပ်ပါဝင်မှုကြောင့် ပုံမှန်ချုပ်ဆိုသည့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များထက် သာလွန်သော ဘက်စုံပါဝင်သည့် မူဘောင်တစ်ရပ်ကို ဖန်တီးပေးလျက်ရှိကြောင်း သိရသည်။
Source: The Pamphlet, A Historic Milestone: The India-EFTA trade agreement comes into effect, read why this is a game changer, October 2, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)