စင်ကာပူစီးပွားရေးလုပ်ငန်းများသည် Singapore Digital Gateway ကြောင့် အခွင့်အလမ်းအသစ်များရရှိမည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး Josephine Teo က ပြောကြားခဲ့ပါသည်။
Singapore Digital Gateway ကို စက်တင်ဘာလ ၂၅ ရက်နေ့က နယူးယောက်မြို့တွင်ကျင်းပခဲ့သည့် High-Level Multi-stakeholder Informal Meeting တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အခြားနိုင်ငံများမှ မူဝါဒချမှတ်သူများ၊ အဖွဲ့အစည်းများ သည် ဒီဂျစ်တယ်အရင်းအမြစ် ၃၀ ကျော်ကို အခမဲ့ရယူနိုင်ရန် ရည်ရွယ်ပါသည်။ Gateway မှရရှိနိုင်မည့် ဒီဂျစ်တယ်အရင်းအမြစ်များကို စိတ်ဝင်စားသည့် နိုင်ငံ တကာမှ မိတ်ဖက်များသည် စင်ကာပူစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ချိတ်ဆက်မှုရရှိနိုင်မည် ဖြစ်ပါသည်။
ဝန်ကြီး Josephine Teo က “စင်ကာပူနိုင်ငံ၏ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအတွေ့ အကြုံများနှင့် ချဉ်းကပ်မှုများကို Gateway မှတစ်ဆင့် မျှဝေခြင်းသည် စင်ကာပူနိုင်ငံတွင် နည်းပညာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံများကို ပိုမိုယုံကြည်စိတ်ချမှုရှိစေမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများသည် စင်ကာပူနိုင်ငံ၏ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချဉ်းကပ်မှုနှင့် ဆောင်ရွက်နိုင်မှုတို့ကို သိရှိစေခြင်းဖြင့် စင်ကာပူကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သည့်အချိန်တွင် ၎င်းတို့အတွက် ယုံကြည်စိတ်ချမှုရှိစေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
Gateway တွင် ဒီဂျစ်တယ်အရင်းအမြစ် ၃၀ ကျော်တွင် SingPass ၊ RedeemSG တို့အပြင် စင်ကာပူနိုင်ငံ၏ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တု(AI)မဟာဗျူဟာများ၊ လမ်းပြမြေပုံများ၊ အစိုးရမူဘောင်များ၊ လမ်းညွှန်ချက်များစသည့်နယ်ပယ်များပါဝင်ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)