International News

ချုံချင့်ပြည်နယ်တွင် စင်ကာပူရင်းနှီးမြှုပ်နှံမှုမှာ ၁၀ စုနှစ်အတွင်း နှစ်ဆကျော်ရှိ

Last Updated:

ချုံချင့်ပြည်နယ်၌ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂.၇ ဘီလီယံရှိခဲ့ပါသည်။ “China-Singapore(Chongqing)Demonstration Initiative on Strategic Connectivity(CCI)ထူထောင်သည့်အချိန်မှစ၍ ချုံချင့်ပြည်နယ်နှင့်ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုအားကောင်းလာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မှစ၍ ချုံချင့် ပြည်နယ်မှစင်ကာပူနိုင်ငံသို့ ရထား-ပင်လယ်ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်း မှတစ်ဆင့် ကုန်စည်များသယ်ယူပို့ဆောင်မှုမှာ ၁၀ ဆ နီးပါးတိုးတက်လာကြောင်း” ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ဝါရင့်ဝန်ကြီး Tan Kiat How က ပြောကြားခဲ့ပါသည်။ CCI သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့သည့် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တတိယမြောက် အစိုးရအချင်းချင်းဆောင်ရွက်သော စီမံကိန်းဖြစ်ပါသည်။

ချုံချင့်ပြည်နယ်သည် တရုတ်နိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံးစီးပွားရေး အချက် အခြာနေရာဖြစ်ပြီး တရုတ်လူမျိုးများနှင့် နိုင်ငံခြားသားခရီးသွားများလာရောက်လည်ပတ်ကြသည့် ဒေသဖြစ်ပါသည်။ချုံချင့်ပြည်နယ်မှ ခရီးသွားများလည်း စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်ကြပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ခရီးသွား ၄၆,၀၀၀ နီးပါးလာရောက်ခဲ့ပါသည်။ ဝန်ကြီး Tan က “ချုံချင့်ပြည်နယ်မှာ စားသုံးသူဈေးကွက်၊ ခရီးသွားများလည်ပတ်သည့်ဒေသနှင့် စီးပွားရေးအရ အချက်အခြာကျသည့်ပြည်နယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့်စီးပွားရေး ချိတ်ဆက်မှုများ ပိုမိုတိုးတက်ရန် အခွင့်အလမ်းများရှိကြောင်း၊ CCI သည် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်းလိုင်း၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတို့အပြင် အစိမ်းရောင်စီးပွား ရေးနှင့် ဒီဂျစ်တယ်စီးပွားရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနောက်ပိုင်းဒေသသို့ စီးပွားရေးလုပ်ငန်းတိုးချဲ့လိုသည့်လုပ်ငန်းရှင်များကို ချုံချင့်ပြည်နယ်သို့ သွားရောက်ကြရန် တိုက်တွန်းခဲ့ပါ သည်။

စင်ကာပူနိုင်ငံနှင့်တရုတ်နိုင်ငံအကြား အစိုးရချင်းပူးပေါင်းဆောင်ရွက်သည့် ပထမစီမံကိန်းမှာ ၂၀၀၄ ခုနှစ်တွင်စတင်ခဲ့သည့် China-the Suzhou စက်မှုဥယျာဉ်မြို့တော်ဖြစ်ပြီး ဒုတိယစီမံကိန်းမှာ Tianjin Eco-City ဖြစ်ပါသည်။

ရင်းမြစ်။        The Business Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News