တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် မြန်မာ နိုင်ငံမှ မက္ကဒေးမီးယားအစေ့များအတွက် ပိုးမွှားကင်းရှင်းရေးဆိုင်ရာလိုအပ်ချက်များကို ၎င်းတို့၏ဝက်ဘ်ဆိုက်၌ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် မက္ကဒေးမီးယားကို ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးကြပြီး ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကာ စုစုပေါင်းစိုက်ပျိုးဧရိယာဧက(၁၂၀၀၀)ကျော်ရှိကြောင်း၊ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် မက္ကဒေးမီးယားအစေ့ကို နွေဦးနှင့် ဆောင်းဦးရာသီတွင် တစ်နှစ်လျှင် နှစ်ကြိမ်ထွက်ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ၌ စိုက်ပျိုးထွက်ရှိသည့် မက္ကဒေးမီးယားအစေ့များကို ပြည်တွင်း၌ပင် အခွံနွှာခြင်း၊ အခြောက်ခံခြင်းနှင့် အမျိုးအစားခွဲခြင်းများဆောင်ရွက်ပြီး မက္ကဒေးမီးယားအစေ့များကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း GACC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံမှ သတ်မှတ်ထားသော စိုးရိမ်ရသည့်သီးသန့် ပိုးမွှား(၄)မျိုးတွင် Trogoderma granarium၊ Mikania micrantha၊ Cenchrus echinatus နှင့် Chromolaena odorata တို့ပါဝင်ကြောင်း၊ အခွံမာသီးများကို အခြောက်ခံစက်များကိုအသုံးပြု၍ ရေဓာတ်ခန်းခြောက်စေရန် ပြုလုပ်ရမည်ဖြစ်ပြီး သက်ရှိအင်းဆက်ပိုးမွှားများနှင့် အခြားအညစ်အကြေးများကင်းစင်ရမည်ဖြစ်ကြောင်း၊ ပြုပြင်ထုတ်လုပ် နေစဉ်အတွင်း ပျက်စီးနေသော (သို့မဟုတ်) မှိုတက်နေသောအစေ့များ၊ အခွံများနှင့် ပေါင်းပင်မျိုးစေ့များ မပါရှိစေရန်ဆောင်ရွက်ရမည်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တရုတ်နိုင်ငံသို့တင်ပို့မည့်မက္ကဒေးမီးယားအစေ့များကို စိုက်ပျိုးခြင်း၊ ပြုပြင်ထုတ်ပိုးခြင်းနှင့် သိုလှောင်ခြင်းပြုလုပ်မည့်လုပ်ငန်းများကို တရုတ်နိုင်ငံ၏ လိုအပ်ချက်နှင့်အညီ စစ်ဆေးမည်ဖြစ်ပြီး သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီသည့်လုပ်ငန်းများကို GACC သို့ ပေးပို့ရမည်ဖြစ်ကာ အရည်အချင်းပြည့်မီသောလုပ်ငန်းများကို မှတ်ပုံတင်စာရင်းသွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ တင်ပို့မည့် မက္ကဒေးမီးယားအစေ့များကို သယ်ယူပို့ဆောင်စဉ်အတွင်း ဖိတ်စင်မှုမရှိစေရန်အတွက် အစားအသောက်ဘေးကင်းရေးနှင့် အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ သီးသန့်စံနှုန်းများနှင့်ကိုက်ညီသည့် သန့်ရှင်း၍ ကျန်းမာ ရေးနှင့်ညီညွတ်သောပစ္စည်းများဖြင့် ထုပ်ပိုးရမည်ဖြစ်ကြောင်း၊ တင်ပို့ခြင်းမပြုမီ သန့်ရှင်းရေးနှင့် သီးသန့်ခွဲထားမှုဆိုင်ရာ လိုအပ်ချက်များနှင့်အညီဖြစ်စေရန်နှင့် အပင်ပိုးမွှားများ (သို့မဟုတ်) ပေါင်းပင်မျိုးစေ့များ၊ သက်ရှိပိုးမွှားများ၊ အပျက်အစီးများ၊ မြေဆီလွှာ (သို့မဟုတ်) အခြားမသန့်ရှင်းသည့် ပစ္စည်းများကဲ့သို့သော ပစ္စည်းများမပါဝင်စေရန် ပို့ဆောင်မည့်ယာဉ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် သေချာစွာစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: https://www.producereport.com/article/macadamia-nuts-myanmar-granted-china-market-access
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)