အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် နှေးကွေးလာခဲ့သော်လည်း စားသောက်ကုန် ဈေးနှုန်းများဆက်လက်မြင့်မားလျက်ရှိကြောင်း CBS အွန်လိုင်းသတင်း၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အမေရိကန်နိုင်ငံ၏ နှစ်အလိုက် စားသောက်ကုန်ဈေးနှုန်းများသည် (၃.၁)ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ လအလိုက်စားသောက်ကုန်ဈေးနှုန်းသည် လွန်ခဲ့သောလ အတွင်း (၀.၇)ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၏ စားသုံးသူဈေးဆနှုန်းအစီရင်ခံစာအရ စားသုံးကုန်စည်များ၏ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး အစီရင်ခံစာ၌ လအလိုက်ဈေးနှုန်းမြင့်တက်မှုကို လေ့လာရာတွင် ဈေးနှုန်းများမြင့်တက်သည်ဟုဆိုခြင်းမှာ အရောင်းဆိုင်များရှိ သတ်မှတ်ဈေးနှုန်းများအပေါ်အခြေခံ၍ စားသုံးသူများက ပြောကြားခြင်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် ထုတ်ပြန်သည့် စားသုံး သူဈေးဆနှုန်းအစီရင်ခံစာအရ စားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခြင်းမှာ အမဲသားနှင့် ကော်ဖီကဲ့သို့သောကုန်ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်ခဲ့၍ဖြစ်ကြောင်း၊ CBS သတင်းဌာန၏ လေ့လာဆန်းစစ်မှုအရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စားသောက်ကုန်ဈေးနှုန်းများသည် (၁၉) ရာခိုင်နှုန်းအထိတိုးလာခဲ့ကြောင်း၊ အမဲသားကြိတ်သားတစ်ပေါင်လျှင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ အမေရိကန်ဒေါ်လာ(၆.၇၈)ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ဒေါ်လာ(၉.၀၅)အထိမြင့်တက် ခဲ့ကြောင်း၊ အမဲသားဈေးနှုန်းမြင့်တက်ခြင်းသည် သွင်းကုန်ခွန်ကြောင့်ဖြစ်နိုင်သကဲ့သို့ ရာသီဥတုကြောင့် ကော်ဖီဈေးနှုန်းများမြင့်တက်လာခြင်းလည်းဖြစ်နိုင်ကြောင်း၊ ဈေးနှုန်းများကျဆင်းလာစေရန်ရည်ရွယ်၍ သမ္မတထရမ့်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသောက်ကုန်စည်အချို့၏ သွင်းကုန်ခွန်များကို လျှော့ချပေးခဲ့ကြောင်း၊ သို့ရာတွင် ဈေးနှုန်းများကျဆင်းခြင်းကို ချက်ချင်းမြင်တွေ့နိုင်မည်မဟုတ်ကြောင်း၊ ဈေးနှုန်းများမြင့်တက်ခဲ့သည့်အခြားစားကုန်တစ်ခုမှာ ကြက်ဥဖြစ်ပြီး ကြက်ငှက် တုပ်ကွေးကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကြက်ဥတစ်ဒါဇင်ဈေးနှုန်းသည် (၂၁)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းဖြင့် ဖော်ပြခဲ့ပါသည်။
Source: CBS News
https://www.cbsnews.com/news/food-prices-pain-point-december-cpi-date/
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)