အမေရိကန်အစိုးရသည် Nvidia ကုမ္ပဏီ၏ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence, AI)ဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တရုတ်နိုင်ငံသို့ ရောင်းချရာတွင် လုံခြုံရေးအရ လိုအပ်ချက်အသစ်များ ထပ်တိုးခဲ့သော်လည်း H200 AI Chips ကို တရုတ်ဝယ်လက်များသို့ရောင်းချရေး ခွင့်ပြုမည့်ကိစ္စနှင့်ပတ်သက်၍ AP အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
Nvidia ကုမ္ပဏီအနေဖြင့် အဆိုပါ H200 AI Chips ကို အမေရိကန်နိုင်ငံ ၌ လုံလောက်စွာရရှိနိုင်ရန်ဆောင်ရွက်လျက် တရုတ်သို့ရောင်းချမည့် H200 Chips ကို တတိယအဖွဲ့အစည်းတစ်ခုခုထံတွင် စစ်ဆေးခံရမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုနှင့်လုံခြုံရေးဗျူရို (Bureau of Industry and Security, BIS)၏စည်းမျဉ်းအသစ်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါကြောင်း၊ ယင်းစည်းမျဉ်းအသစ်ပါ စံနှုန်းသတ်မှတ်ချက်သည် နည်းပါးပြီး တရုတ်နိုင်ငံအနေဖြင့် ယင်းချစ်ပ်များကို စစ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုခွင့်နှင့် အမေရိကန်ဝယ်လက်များကို ရောင်းချသည့် ချစ်ပ်ရောင်းအား၏ (၅၀)ရာခိုင်နှုန်းကျော်အထိ ဝယ်ယူခွင့်ကို အမေရိကန်က ခွင့်မပြုထားကြောင်း သိရှိရပါသည်။ Nvidia ၏ H200 ချစ်ပ်များကို ဝယ်ယူခွင့်ပြုထားသည့် တရုတ်ကုမ္ပဏီများကိုသာ ရောင်းချခွင့်ပြုမည်ဟု သမ္မတထရမ့်က ပြောကြားပြီး တစ်လခန့်အကြာတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့စည်းမျဉ်းအသစ်များထုတ်ပြန်ခြင်းဖြစ်ပြီး လက်ရှိ Nvidia ၏အဆင့်မြင့်ဆုံးချစ်ပ်များမှာ H200 ချစ်ပ်မဟုတ်ဘဲ Blackwell chip နှင့်အသစ်ထုတ်လုပ်မည့် Rubin Chip များဖြစ်ကြောင်း၊ယင်း AI chips များရောင်းချခြင်းကြောင့် တရုတ် နိုင်ငံ၏စီးပွားရေးနှင့်စက်မှုလုပ်ငန်းများကို တိုးတက်စေနိုင်ကာ အမေရိကန်နိုင်ငံအပေါ် ပိုမိုထိရောက်သည့် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ရာတွင် အထောက်အကူဖြစ်လာနိုင်သဖြင့် ဒီမိုကရက်တစ်ပါတီအထက် လွှတ်တော်အမတ်တစ်စုက ယင်းသို့ရောင်းချခြင်းကို ကန့်ကွက်လျက်ရှိကြောင်း၊ Nvidia H200 Chips များ တရုတ်သို့ရောင်းချရန်လိုင်စင်ရရှိခြင်းသည် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Jesen Huang နှင့် သမ္မတထရမ့်တို့အကြား နီးကပ်သည့်ဆက်ဆံရေးရှိသည်ကို ဖော်ပြလျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် Nvidia နှင့် AMD ကုမ္ပဏီတို့သည် ချစ်ပ်ရောင်းချခွင့်လိုင်စင်ရရှိရန် အပေးအယူတစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်သို့ရောင်းချသည့် ချစ်ပ်ရောင်းအား၏ (၁၅) ရာခိုင်နှုန်းကို အမေရိကန်အစိုးရသို့ပေးအပ်ရန် သဘောတူညီခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: AP News
https://apnews.com/article/nvidia-trump-china-ai-a34e9e21bdc132f32cc9a448f3026da4
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)