International News

ဖိလစ်ပိုင်နိုင်ငံ၏ အမေရိကန်သို့ သကြားကြမ်းတင်ပို့မှုသည် သုံးနှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ သကြားကြမ်း(Raw Sugar) တင်ပို့ခဲ့မှုသည် ယခု ၂၀၂၆ ခုနှစ်ဆိုလျှင် ၃ နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ပြည်တွင်းထုတ်လုပ်သည့်သကြားကြမ်းတန်ချိန် ၁၀၀,၀၀၀ ကို အမေရိကန်ဈေးကွက်သို့ အမြန်ဆုံးတင်ပို့သွားမည်ဖြစ်ကြောင်းဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ပြည်တွင်းမှ ထွက်ရှိသည့်သကြားများအနက် ပမာဏတစ်ခုကို အမေရိကန်ဈေးကွက်သို့တင်ပို့နိုင်ခြင်းသည် ပြည်တွင်းသကြားဈေးကျဆင်းမည့် အခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုလည်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားထားကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်အပါအဝင် သကြားတင်ပို့လျက်ရှိသည့်နိုင်ငံအချို့သည် အမေရိကန်နိုင်ငံသို့ သက်သာသော အခွန်နှုန်းထားဖြင့် သကြားတန်ချိန်ပမာဏအသီးသီးအား တင်ပို့ခွင့်ရရှိထားပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အမေရိကန်နိုင်ငံဆိုင်ရာ ကတိကဝတ်အောက်မှတင်ပို့ခွင့်ခွဲတမ်းရရှိထားခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသို့ သကြားကြမ်းတန်ချိန် ၁၄၅,၃၂၅ မက်ထရစ်တန်အားပေးပို့ခွင့်ရရှိထားပြီး ဝါရှင်တန်မှ ခွဲတမ်းပေးအပ်ခဲ့သည့် ဒိုမေနီကန်နှင့် ဘရာဇီးလ်၏ နောက်တတိယနေရာတွင် ရရှိထားပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း တင်ပို့ခွင့်ရရှိမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်သကြားအာဏာပိုင်အဖွဲ့မှ ၎င်းတို့စတင်တာဝန်ထမ်းဆောင်သည့်ကာလမှစတင်၍ သကြားကြမ်းထွက်ရှိမှုတိုးမြင့်လာခဲ့ပြီး ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် တန်ချိန် ၁.၉၂ သန်းထွက်ရှိရာမှ ၂၀၂၄-၂၀၂၅ သီးနှံရာသီအတွင်း တန်ချိန် ၂.၀၉ သန်းအထိ စံချိန်တင်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ သမ္မတမားကို့စ်အစိုးရလက်ထက် အများဆုံးထွက်ရှိခဲ့သည့်ပမာဏသည် စံချိန်တင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပါ သည်။ ယခုနှစ်သည် တတိယမြောက်နှစ်ဖြစ်ပြီး တန်ချိန် ၃၃,၀၀၀ မှ ၆၆,၀၀၀ ဖြင့် စတင်တင်ပို့ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၁၀၀,၀၀၀ အထိ တိုးမြင့်တင်ပို့သွားမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ သကြားတင်သွင်းမှု ယာယီရပ်ဆိုင်းခြင်းကို ၂၀၂၅ ခုနှစ်၊ နှစ်ကုန်သည်အထိ သက်တမ်းတိုးမြင့်ခဲ့သော်လည်းပြည်တွင်းသကြားဈေးနှုန်းမှာဆက်လက်ကျဆင်းနေဆဲဖြစ်ပါကြောင်း၊ လွန်ခဲ့သောတစ်နှစ်ကျော်ကာလက သကြားကီလို ၅၀ ပါ အိတ်တစ်အိတ်လျှင် ပီဆို ၂,၅၃၇.၄၀ ရှိရာမှ ၂၁-၁၂-၂၀၂၅ ရက်နေ့တွင် ပီဆို ၂,၁၇၄.၅၈ ဖြင့် ၁၄.၃% သို့ ကျဆင်းခဲ့ပါသည်။ အခြားသော သကြားအစားထိုးပစ္စည်းများနှင့် artificial sweetener များတင်သွင်းမှုမြင့်မားလာခြင်းက သကြားစားသုံးမှုကို လည်းလျော့ကျစေခဲ့ပါကြောင်း၊ သကြားအစားထိုးပစ္စည်းများ၏တင်သွင်းမှုသည် သကြားတင်သွင်းမှု၏ နှစ်ဆခန့်ရှိပြီး တန်ချိန် ၅ သိန်းကျော်ရှိကြောင်းဖော်ပြပါရှိပါသည်။ ဖိလစ်ပိုင်စိုက်ပျိုး ရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါကုန်ပစ္စည်းများတင်သွင်းနေမှုကို အမြဲစောင့်ကြည့်လျက်ရှိပါကြောင်းနှင့် ဈေးကွက်သို့ဝင်ရောက်မှုအပေါ် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Source: https://business.inquirer.net/568497/for-3rd-straight-year-ph-exports-sugar-to-us

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News