International News

ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်နှင့်ကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ MOU များ လက်မှတ်ရေးထိုးရန် ယူအေအီးနိုင်ငံသို့ သွားရောက်ခဲ့

Last Updated:

ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာသည် ယူအေအီးနိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးရန်နှင့်ကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးရန် ယူအေအီးနိုင်ငံသို့ ၁၃-၁-၂၀၂၆ ခုနှစ် ညနေပိုင်းက မနီလာမြို့မှ ထွက်ခွာသွားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကုန်သွယ်ဖက်မိတ်ဖက်နိုင်ငံအသစ်များနှင့်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်းနှင့် ထိုမှသာရည်ရှည်တည့်တံနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ခရီးစဉ်အတွင်း ဖိလစ်ပိုင်-ယူအေအီးနှစ်နိုင်ငံကြား အရေးကြီးသဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး ပထမတစ်ခုမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်(Comprehensive Economic Partnership Agreement–CEPA) သို့မဟုတ် ဖိလစ်ပိုင်-ယူအေအီးလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(Philippines-UAE FTA)နှင့်ဒုတိယ တစ်ခုမှာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ(Defense Cooperation MOU)တို့ဖြစ်ပါသည်။

အဆိုပါသဘောတူညီချက်နှစ်ခုသည် ဖိလစ်ပိုင်-ယူအေအီးနှစ်နိုင်ငံကြား ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်လာမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများကြား များစွာအရေးပါကြောင်း၊ CEAP သည် ဖိလစ်ပိုင်နိုင်ငံအတွက် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ၊ ပင်လယ်ကွေ့နိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်နိုင်စေမည်ဖြစ်ပါကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာသည်လည်း ယူအေအီးနိုင်ငံ ၏နည်းပညာမြင့်ကာကွယ်ရေးစနစ်များကို ပူးပေါင်းဆောင်ရွက်သွားနိုင်သည့် ခိုင်မာသေချာသည့် နည်းလမ်းသွယ်တစ်ခုဖြစ်လိမ့်မည်ဟု ဖော်ပြပါရှိပါသည်။ ထို့ပြင် သမ္မတနှင့်ကိုယ်စားလှယ်အဖွဲ့သည် အဘူဒါဘီမြိုု့တွင်ကျင်းပပြုလုပ်မည့် Abu Dhabi Sustainability Week ကိုလည်း ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Source: https://www.gmanetwork.com/news/topstories/nation/972558/marcos-manila-uae-trade-defense-agreements/story/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News