International News

စင်ကာပူနိုင်ငံ၏ ပထမဆုံးရေချိုဆယ်လမွန်ငါးမွေးမြူရေးစခန်းစတင်လည်ပတ်ပြီး တစ်နှစ်လျှင် တန်ချိန် ၃,၀၀၀ ထွက်ရှိရန် ရည်မှန်းထား

Last Updated:

စင်ကာပူနိုင်ငံ၏ ပထမဆုံးရေချိုဆယ်လမွန်ငါးမွေးမြူရေးစခန်းသည် လုပ်ငန်းစတင်လည်ပတ်နေပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ငါးတန်ချိန် ၃,၀၀၀ အထိထုတ်လုပ်နိုင်ရန်ရည်မှန်းထားကြောင်း၊ လုပ်ငန်းစတင်သည့်ကာလအတွင်း တစ်နှစ်လျှင် ရေချိုဆယ်လမွန်ငါးတန်ချိန် ၁,၂၀၀ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း The Straits Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။

အဆိုပါမွေးမြူရေးစခန်းအနေဖြင့် ၂၀၃၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ ပရိုတင်းလိုအပ်ချက်(ကြက်ဥ၊ ဘဲဥနှင့် ရေထွက်ကုန်အမျိုးအစား ၂ ခုပါဝင်သောကဏ္ဍ)၏ ၃၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်အောင်မြင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ ပါသည်။ ထို့ပြင် စင်ကာပူနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှစတင်၍ စိုက်ပျိုးမွေးမြူရေးစခန်းအချို့ပိတ်သိမ်းခဲ့ရပြီး  အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံ၏ အစားအစာထုတ်လုပ်မှုလုပ်ငန်းကဏ္ဍကို ဆက်လက်စိတ်ဝင်စားနေကြောင်းကို ယခုလုပ်ငန်းအစီအမံက ထင်ဟပ်လျက်ရှိပါသည်။

ရေချိုဆယ်လမွန်ငါးသည် ဥရောပနှင့် မြောက်အမေရိကကဲ့သို့သောဒေသများတွင်သာ မွေးမြူလေ့ရှိသည့် ငါးအမျိုးအစားဖြစ်သော်လည်း ပြည်ပမှတင်သွင်းမှုအပေါ်၌သာ အပြည့်အဝမှီခိုနေမည့်အစား ယခုကဲ့သို့ ပြည်တွင်း၌ မွေးမြူခြင်းဖြင့် ပိုမိုလတ်ဆတ်ပြီး ရေရှည်တည်တံ့သည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း Blue Aqua ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ရေချိုဆယ်လမွန်ငါးသည် ပရိုတင်းနှင့် Omega-3 ဓာတ်များကြွယ်ဝစွာပါဝင်သည့်အပြင် သန့်ရှင်းလတ်ဆတ်သော အရသာရှိသည့် အတွက် စားသုံးသူများနှစ်သက်သည့် အာဟာရတန်ဖိုးမြင့်မားသော ငါးအမျိုးအစားဖြစ်ပါသည်။ အဆိုပါငါးအမျိုးအစားကို မွေးမြူရန်အတွက် ရေအပူချိန်ကို အေးမြစေရန် ထိန်းသိမ်းခြင်းနှင့် ရေထဲတွင် ပျော်ဝင် အောက်ဆီဂျင်ပမာဏမြင့်မားစွာရှိနေစေခြင်းအပါအဝင် စနစ်ကျသော မွေးမြူရေးနေရာအဖြစ် ပြုပြင်တည်ဆောက်ရမည်ဖြစ်ပါသည်။

Blue Aqua ကုမ္ပဏီသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၅ သန်းခန့်ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံ၌ ကုမ္ပဏီ၏ရေနေသတ္တဝါမွေးမြူရေးလုပ်ငန်းများတိုးချဲ့ရန်လျာထားသည့်စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအမေရိကန် ဒေါ်လာ ၄၅ သန်း၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ စင်ကာပူအစား အစာအေဂျင်စီ(Singapore Food Agency)အနေဖြင့်လည်း Agri-Food Cluster Transformation Fund မှတစ်ဆင့် အဆိုပါကုမ္ပဏီကို ပံ့ပိုးကူညီမှုများပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ယခုမွေးမြူရေးစခန်းသည် ကုမ္ပဏီ၏ အထူးပြုစီမံဆောင်ရွက်သည့် အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုအဖြစ် သတ်မှတ်ထားသည့်အတွက် အဆင့်ဆင့်ရင်းနှီး မြှုပ်နှံမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါ သည်။ထို့ပြင် လုပ်ငန်းပမာဏထပ်မံတိုးချဲ့သွားရန်နှင့်  လတ်ဆတ်သော အဆင့်မြင့်ရေထွက်ကုန်များ ဒေသတွင်းဈေးကွက်အချို့ထံသို့ တင်ပို့ရောင်းချသွားရန် မျှော်လင့်ထားကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။        The Straits Times သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News