International News

အီရန်စစ်ပွဲကြောင့် အကျိုးအမြတ်ထိခိုက်လာသဖြင့် အိန္ဒိယကုမ္ပဏီများ ဈေးနှုန်းမြှင့်တင်ကာ ထုပ်ပိုးမှုပမာဏလျှော့ချလာ

Last Updated:

ကုန်တိုက်များ၏ စင်ပေါ်ရှိကုန်ပစ္စည်းထုပ်ပိုးမှုအရွယ်အစားများသေးငယ်သွားခြင်းမှသည် ငွေရှင်းကောင်တာတွင် ဈေးနှုန်းများပိုမိုမြင့်မားလာခြင်းအထိ အိန္ဒိယကုမ္ပဏီများသည် ရေနံ၊ ကုန်စည်သယ်ယူပို့ဆောင် ရေးနှင့် အာမခံစရိတ်များမြင့်တက်လာမှုကြောင့် လျော့နည်းလာသော အကျိုးအမြတ်ကို ကာကွယ်ရန်ရုန်းကန်နေကြရကြောင်းသိရှိရသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းအိမ်ထောင်စုများ၏ သုံးစွဲနိုင်မှုအင်အားကျဆင်းလာခြင်းက ကုမ္ပဏီများအပေါ် ဖိအားပိုမိုတိုးစေလျက်ရှိကြောင်းသိရသည်။

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြားဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်ကာ ကုန်ကြမ်းစရိတ်များမြင့်တက်လာခဲ့သည်။ ယင်းအခြေအနေသည် ကုန်ပစ္စည်းတင်သွင်းမှုအပေါ် မှီခိုနေရသည့် အိန္ဒိယကဲ့သို့စီးပွားရေးနိုင်ငံများကို ပိုမိုပြင်းထန်စွာရိုက်ခတ်လျက်ရှိပြီး၊ အိန္ဒိယရူပီးငွေတန်ဖိုးကျဆင်းလာခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေကာ ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ရခက်ခဲသည့် အခြေအနေသို့ ဆိုက်ရောက်စေကြောင်း သိရသည်။

"ကျွန်မတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ (ဒီစစ်ပွဲဒဏ်ကို)အခံရဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်"ဟု စီးပွားရေးပညာရှင်ဂျာရာသီဂိုရှ်(Jayati Ghosh) က သတိပေးပြောကြားခဲ့ကြောင်းသိရှိရသည်။ ရေနံနှင့် မြေဩဇာစရိတ်များမြင့်တက်လာခြင်း၊ ပင်လယ်ကွေ့ဒေသ၏ ဝယ်လိုအားကျဆင်းလာခြင်း၊ ပြည်ပရောက်လုပ်သားများထံမှ လွှဲပို့ငွေလျော့နည်းလာခြင်းနှင့် အရင်းအနှီးများပြည်ပသို့ စီးထွက်သွားနိုင်ခြေရှိခြင်းတို့ကြောင့် ငွေကြေး ဖောင်းပွမှုပိုမိုမြင့်တက်လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေး သွားစေနိုင်ကြောင်း သိရှိရသည်။

လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းကြီးများဖြစ်သော Hindustan Unilever၊ Godrej Consumer Products နှင့် Dabur India တို့သည် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းများကို ရာခိုင်နှုန်းအနည်းငယ်စီမြှင့်တင်ထားပြီးဖြစ်ကာ Britannia လုပ်ငန်းကလည်း အလားတူဈေးနှုန်းမြှင့်တင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

သို့သော် အခြေခံလူတန်းစားစျေးကွက်တွင်မူ စျေးနှုန်းအပြိုင်အဆိုင်မြှင့်တင်ရန်ခဲယဉ်းသဖြင့် ကုမ္ပဏီများသည် ရူပီး ၁၀ တန်၊ ၂၀ တန်(၁၁ ဆင့်မှ ၂၁ ဆင့်ဝန်းကျင်)ရှိသော ကုန်ပစ္စည်းအထုပ်ငယ်များကို စျေးနှုန်းတိုက်ရိုက်မြှင့်မည့်အစား ထုပ်ပိုးမှုပမာဏ(အလေးချိန်)ကို လျှော့ချသည့် နည်းလမ်းကို အသုံးပြုနေကြသည်။ "ကျွန်တော်တို့အနေနဲ့ အဲဒီစျေးနှုန်းသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး မရောင်းနိုင်တဲ့အတွက် ကုန်ပစ္စည်းရဲ့အလေးချိန်ကို လျှော့ချနေရတာဖြစ်ပါတယ်" ဟု Dabur လုပ်ငန်း၏ ကမ္ဘာလုံးဆိုင်ရာ စီအီးအို မိုဟစ် မာဟိုထရာ က ပြောကြားခဲ့ကြောင်းသိရသည်။

အလားတူ မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍတွင်လည်း Maruti Suzuki၊ Mahindra & Mahindra၊ Tata Motors နှင့် Hyundai Motor India တို့က ဈေးနှုန်းများမြှင့်တင်ခဲ့ကြသည်။ "ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိတော့ပါဘူး" ဟု Maruti Suzuki ၏အရောင်းနှင့် စျေးကွက် ရှာဖွေရေးဆိုင်ရာ အဆင့်မြင့်အမှုဆောင်အရာရှိ ပါသို ဘာနာဂျီက ပြောကြားခဲ့သည်။ ဈေးနှုန်းမြှင့်တင်ခြင်းသည် သုံးစွဲသူများ၊ အထူး သဖြင့် ပထမဆုံးအကြိမ် ကားဝယ်ယူမည့်သူများအတွက် မကောင်းသော်လည်း မလွှဲမရှောင်သာလုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားကြောင်း သိရသည်။

လေကြောင်းလိုင်းများဖြစ်သည့် IndiGo နှင့် Air India တို့သည်လည်း လောင်စာဆီအသုံးများသည့် နိုင်ငံတကာခရီးစဉ်အချို့ကို လျှော့ချနေပြီး၊ မြင့်တက်လာသော လေယာဉ်ဆီစရိတ်ကို ကာမိစေရန် လေယာဉ်လက်မှတ်ခများကို တိုးမြှင့်လျက်ရှိသည်။ ကုန်ကျစရိတ်များကို စားသုံး သူထံသို့ တိုက်ရိုက်လွှဲချရန် ကန့်သတ်ချက်များရှိနေသဖြင့် ကုမ္ပဏီများသည် အကျိုးအမြတ်ရာခိုင်နှုန်းကထိန်းညှိနိုင်ရန်အတွက် ပြည်တွင်း အသုံးစရိတ်များကို အဓိကထားလျှော့ချလာကြသည်။

Hindustan Unilever ကုမ္ပဏီသည် ကြော်ငြာစရိတ်များကို လျှော့ချခဲ့ပြီး အခြားကုမ္ပဏီများသည်လည်း မလိုအပ်သော ခရီးသွားလာစရိတ်များနှင့် စျေးကွက်မြှင့်တင်ရေးစရိတ်များကို ဖြတ်တောက်နေကြသည်။ "ဒီထက်ပိုပြီး ကုန်ကျစရိတ်လျှော့ချဖို့ကတော့ တဖြည်းဖြည်းခက်ခဲလာပါပြီ" ဟု Axis Direct မှ လေ့လာဆန်းစစ်သူ ဥတ္တမ် ကူးမား သီရင်မောလ် ကပြောကြားခဲ့ကြောင်း သိရသည်။ ကုန်ကြမ်း နှင့် စွမ်းအင်ဈေးနှုန်းငွေကြေးဖောင်းပွမှုများ ရေရှည်ဆက်ဖြစ်နေပါက ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းများကို သိသိသာသာထပ်မံမြှင့်တင်ရခြင်း သို့မဟုတ် အကျိုး အမြတ်အကြီးအကျယ်ထိခိုက်ခံရခြင်းတို့ကို ရွေးချယ်ရတော့မည်ဖြစ် ကြောင်း ၎င်းက သတိပေးပြောကြားခဲ့ကြောင်းသိရသည်။

ကမ္ဘာ့စျေးကွက်နှင့် ဆက်စပ်မှုမြင့်မားသော လေကြောင်းလိုင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဓာတုဗေဒပစ္စည်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် အရင်း အနှီးကုန်ပစ္စည်းကဏ္ဍများသည် အကျိုးအမြတ်ရရှိမှုအပိုင်းတွင် ဆက်လက်ဖိအားပေးခံရနိုင်ကြောင်း Anand Rathi Wealth မှ တွဲဖက်ဒါရိုက်တာ ရွှေတာ ရာဂျာနီ က သုံးသပ်ထားကြောင်းသိရသည်။

ကုမ္ပဏီများသည် စစ်ပွဲကြောင့်ဖြစ်ပေါ်လာသော အနှောင့်အယှက်များကိုစီမံခန့်ခွဲရန်အတွက် ကုန်စည်ထောက်ပံ့ရေးလမ်းကြောင်းများကို ပြန်လည်ပြင်ဆင်နေကြသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် ကုန်သွယ်မှုရှိသောလုပ်ငန်းများသည် သင်္ဘောလမ်းကြောင်းများပြောင်းလဲခြင်း၊ ကုန်ကြမ်းဝယ်ယူရာအရပ်ကို ကွဲပြားအောင်လုပ်ခြင်းနှင့် ထုတ်လုပ်မှုနေရာများကို ရွှေ့ပြောင်းခြင်းများပြုလုပ်နေကြသည်။ ထို့အပြင် အချို့သောကုမ္ပဏီများသည် ကုန်ပစ္စည်းများထုတ်လုပ်မှုအခက်အခဲမရှိစေရန်နှင့် လည်ပတ်ငွေကြေးကို စနစ်တကျစီမံနိုင်ရန် ဝယ်လိုအားကို အနီးကပ်စောင့်ကြည့်ကာ ကုန်ကြမ်းများကို ကြိုတင်ဝယ်ယူစုဆောင်းထားကြကြောင်း သိရသည်။

Trent ကုမ္ပဏီ၏လက်အောက်ခံ လူငယ်ကြိုက်တန်ဖိုးမျှတအဝတ် အထည်အမှတ်တံဆိပ် ‘Zudio’ ၏အလှကုန်နှင့် သုံးစွဲသူဆိုင်ရာအကြီး အကဲဥမာရှန်နိုင်ဒူးက"ကျွန်တော့်ရဲ့အဓိကဦးစားပေးကတော့ကုန်ပစ္စည်းစျေးနှုန်းတွေကို မတက်အောင်ထိန်းထားဖို့ပါပဲ" ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Source: The Business Standard: Indian companies hike prices, shrink packs as Iran war squeezes margins

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News