International News

စင်ကာပူလေကြောင်းလိုင်းက လေယာဉ်အသစ်များမှာယူရန်အတွက် ဆွေးနွေးလျက်ရှိကြောင်း သတင်းရင်းမြစ်များ ပြောကြား

Last Updated:

စင်ကာပူလေကြောင်းလိုင်း(Singapore Airlines-SIA)သည် လာမည့်ဆယ်စုနှစ်မှစတင်၍ လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တိုးချဲ့ရန်ရည်ရွယ်၍ ဂျက်လေယာဉ်အစင်းရေ ၅၀ ကျော် ဝယ်ယူရန် Airbus နှင့် Boeing ကုမ္ပဏီများနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း The Straits Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။

အဆိုပါအရှေ့တောင်အာရှမှလေကြောင်းလိုင်းကုမ္ပဏီသည် လက်ရှိတွင် အကြီးမားဆုံးခရီးသည်လေယာဉ် Boeing 777X သို့မဟုတ် ၎င်းထက် အရွယ်အစားအနည်းငယ်ပိုသေးငယ်သည့် Airbus A350-1000 လေယာဉ်များကို ထပ်မံဝယ်ယူရန်ဆွေးနွေးလျက်ရှိကြောင်း၊ လေယာဉ်အစင်းရေများစွာ တိုးမြှင့်ဝယ်ယူလာနိုင်ကြောင်း၊ SIA က လေယာဉ်အသစ်များ ပုံမှန်လဲလှယ်‌လေ့ရှိပြီး လေယာဉ်အသစ်များ ထပ်မံဝယ်ယူရန်ကိစ္စနှင့်စပ်လျဉ်း၍ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့ပါသည်။

SIA သည် ခရီးဝေးပျံသန်းမည့် ဂျက်လေယာဉ်များ အများဆုံးဝယ်ယူသည့်လုပ်ငန်းစုများအနက်မှ တစ်ခုဖြစ်ပြီး လေယာဉ်ဝယ်ယူခြင်းအပါ အဝင် လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ သည် ကမ္ဘာတစ်ဝန်းရှိ အခြားလေကြောင်းလိုင်းများ၏ လေယာဉ်ပြေးဆွဲမှုအပေါ် သက်ရောက်မှုရှိသည်အထိ ထင်ရှားသည့် လုပ်ငန်းစုတစ်ခုဖြစ်ပါသည်။ အချို့သောလေကြောင်းလိုင်းများသည် လေယာဉ်ဆီအပါ အဝင် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာမှုကြောင့် လေကြောင်းခရီးစဉ်များကို လျှော့ချနေကြသော်လည်း SIA က ၎င်း၏ ခရီးစဉ်ပြေးဆွဲမှုများကို ဆက်လက်တိုးမြှင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

Airbus ကုမ္ပဏီအနေဖြင့် Boeing 777X နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် အရွယ်အစားပိုမိုကြီးမားသော A350-2000 ဟု အမည်ပေးထားသည့် လေယာဉ်အမျိုးအစားအသစ်တစ်ခုထုတ်လုပ်ရန် စဉ်းစားလျက်ရှိကြောင်း ၂၀၂၅ ခုနှစ်တွင် ပြောကြားခဲ့သော်လည်း အဆိုပါစီမံကိန်းသည် အကောင်အထည်ဖော်မည့် အခြေအနေကို တိကျစွာဖော်ပြခြင်းမရှိဘဲ Jumbo Jet ကဲ့သို့လေယာဉ်အသစ်များအတွက် စျေးကွက် ဝယ်လိုအားအကန့်အသတ်ရှိနေခြင်းနှင့် ကုမ္ပဏီ၏လက်ရှိထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်ရေးကိုသာ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

ရင်းမြစ်။        The Straits Times သတင်းစာ

(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News