တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် လျက်ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းထွက်ရှိသည့် RSS-3 နှင့် RSS-5 အမျိုးအစား ရော်ဘာများမှာ ပြည်တွင်းနှင့်ပြည်ပစျေးကွက်များတွင် ဝယ်လိုအားကောင်းမွန်လျက်ရှိကြောင်း၊ RSS-3 သည် အရည်အသွေးမြင့် ရော်ဘာအမျိုးအစားဖြစ်ပြီး အရောင်အသွေးညီညာမှု၊ သန့်ရှင်းမှုနှင့်အရည် အသွေးကောင်းမွန်မှုတို့ကြောင့် စျေးကွက်အတွင်း ဝယ်လိုအားမြင့်မားလျက်ရှိသည်။ RSS-5 သည် RSS-3 ထက် အရည်အသွေးအနည်းငယ်နိမ့်သော်လည်း စက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသောကြောင့် စျေးကွက်ခိုင်မာနေကြောင်း သိရှိရပါသည်။
ထားဝယ်ဒေသရှိ ရော်ဘာစိုက်ပျိုးသူများသည် အရည်အသွေးကောင်းမွန်သော RSS-3 နှင့် RSS-5 များထုတ်လုပ်နိုင်ရန် ရော်ဘာအစေးရွေးချယ်မှု၊ ဆေးလိပ်ခန်းခြောက်သွေ့မှုနှင့် သိုလှောင် ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိ တွင် ထားဝယ်ဒေသမှ ထွက်ရှိသော RSS-3 နှင့် RSS-5 ရော်ဘာများကို ရန်ကုန်နှင့် မော်လမြိုင်မြို့ များရှိ ရော်ဘာဝယ်ယူရေးစင်တာများသို့ တင်ပို့ရောင်းချလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ရော်ဘာစျေးနှုန်းများတည်ငြိမ်ကောင်းမွန်နေခြင်းနှင့်အတူ အရည်အသွေးမြင့် RSS-3 နှင့် RSS-5 ရော်ဘာထုတ်လုပ်မှုများ တိုးတက်လာပါက ထားဝယ်ဒေသ ရော်ဘာလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။ တနင်္သာရီ တိုင်းဒေသကြီးမှ ယခုပတ်အတွင်း ရော်ဘာဈေးနှုန်းအခြေအနေမှာ RSS-3 တစ်ပေါင် လျှင်(၃၄၀ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင်(၃၃၀ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။