ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှုပိုငွေအမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံစံချိန်တင်ခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး(GSO)၏ အဆိုအရ သိရှိရပါသည်။ ဇန်နဝါရီလမှ ဇွန်လအတွင်း စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၃၂.၀၃ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလထက် ၁၆.၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဖော်ပြထားပါသည်။
ဇွန်လအတွင်း ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် ၁၆.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉.၄၉ ဘီလီယံရှိကြောင်း၊ ဒုတိယသုံးလပတ်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၁၆.၉၃ ဘီလီယံရှိကြောင်း သိရှိရပါသည်။ ပထမနှစ်ဝက်အတွင်း ပို့ကုန်စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂၁၉.၈၃ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ပြုပြင်ထုတ်လုပ်သော ကုန်ပစ္စည်းများသည် အမေရိကန်ဒေါ်လာ ၁၉၄.၂၈ ဘီလီယံရှိပြီး ပို့ကုန်စုစုပေါင်း၏ ၈၈.၄ ရာခိုင်နှုန်းရှိကြောင်း၊ ဇွန်လအတွင်း တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၆.၆၆ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။ ဒုတိယသုံးလပတ်အတွင်း သွင်းကုန်တင်သွင်းမှုသည် ၁၁၂.၅၂ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ပထမနှစ်ဝက်အတွင်း တင်သွင်းမှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂၁၂.၂ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်းဖော်ပြထားပါသည်။
အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၀.၉၁ ဘီလီယံဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၈၄.၇ ဘီလီယံဖြင့် သွင်းကုန်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ် ကြောင်း ဖော်ပြထားပါသည်။
အဆိုပါကာလအတွင်း ဝန်ဆောင်မှုတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၄.၇၉ဘီလီယံ ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၂၁.၂ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပါသည်။ ခရီး သွားဝန်ဆောင်မှုများသည် အမေရိကန်ဒေါ်လာ ၇.၆၂ ဘီလီယံရှိပြီး ၅၁.၅ ရာခိုင် နှုန်းရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများက အမေရိကန်ဒေါ်လာ ၄.၃၅ ဘီလီယံရှိပြီး ၂၉.၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။
Source The Saigon Times
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)