International News

ဗီယက်နမ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ဆန်ကုန်သွယ်မှုဆိုင်ရာဆွေးနွေးမှုကို အရှိန်မြှင့်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူညီခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H.E Pham Minh Chinh နှင့် အင်ဒိုနီးရှားသမ္မတ H.E Prabowo Subianto တို့သည် အင်ဒိုနီးရှားနိုင်ငံ၌ စားနပ်ရိက္ခာကို အလုံအလောက်ရရှိရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်ကို အရှိန်မြင့်ညှိနှိုင်းရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးတွင် ဇူလိုင်လ ၇ ရက်က ကျင်းပသည့် BRICS ထိပ်သီး အစည်းအဝေးအတွင်း အလွတ်သဘောတွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ် H.E Pham Minh Chinh က ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနအား ဈေးကွက်ဝင်ရောက်မှုနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရာတွင် လွယ်ကူချောမွေ့စေရန် အင်ဒိုနီးရှားမိတ်ဖက်များနှင့် အနီးကပ်လုပ်ဆောင်ရန် ညွှန်ကြားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိ ပါသည်။

ဝန်ကြီးချုပ် H.E Pham Minh Chinh က ၂၀၂၅-၂၀၃၀ ကာလအတွက် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်ကို အဆိုပြုခဲ့ကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မည့် အစိမ်းရောင်အသွင်ကူးပြောင်းရေးနှင့်စွမ်းအင်အပါအဝင် ကဏ္ဍ သစ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်းလည်း ၎င်းက အလေးအနက် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News