International News

အိန္ဒိယအစိုးရမှ စားတော်ပဲ၏ အကောက်ခွန်မဲ့တင်သွင်းခွင့်ကို သက်တမ်းတိုးမြှင့်လိုက်ခြင်းသည် ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်စေနိုင်

Last Updated:

အိန္ဒိယနိုင်ငံအစိုးရက မကြာသေးမီက စားတော်ပဲ(Yellow Pea)၏ အကောက်ခွန်မဲ့တင်သွင်း ခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ခြင်းသည် အိန္ဒိယပြည်သူတို့၏ စားသုံးဆီကဏ္ဍတွင် တွေ့ကြုံခဲ့ရသည့် ဆိုးရွားသောအခြေအနေကို ထပ်မံဖြစ်ပေါ်စေနိုင်ပြီး အိန္ဒိယတောင်သူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းနှင့် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်စေနိုင်ကြောင်း ဆောင်းပါးရှင် TR Kandasamy က ယခုလ ၁ ရက်နေ့က Hindu Businessline ၌ သုံးသပ်ရေးသားဖော်ပြထားပါသည်။

လက်ရှိတွင် သုညရာခိုင်နှုန်းအခွန်ဖြင့်တင်သွင်းလျက်ရှိသော စားတော်ပဲများသည် အိန္ဒိယနိုင်ငံ၏ ရိုးရာပဲမျိုးများဖြစ်သည့် ကုလားပဲ(Chana)နှင့် ပဲစင်းငုံ(Tur)တို့ကို တွန်းတွန်းတိုက်တိုက်ဖြင့် အစားထိုးနေရာယူလျက်ရှိကြောင်း၊ အဆိုပါတင်သွင်းလာသော စားတော်ပဲများ၏ ဆိပ်ကမ်းအရောက်ကုန်ကျ စရိတ်မှာ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၃၅၀၀ သာရှိပြီး ၎င်းသည် အိန္ဒိယနိုင်ငံရှိ ပဲအများစု၏ ကြမ်းခင်းဈေး(Minimum Support Price- MSP)၏ တစ်ဝက်မျှပင်မရှိသဖြင့် အိန္ဒိယတောင်သူများ၏ ထွက်ကုန်များကို ယှဉ်ပြိုင်နိုင်စွမ်းမရှိစေဘဲ စီးပွားရေးအရ တွက်ခြေမကိုက်ဖြစ်စေကြောင်း ဖော်ပြထားသည်။ စက်တင်ဘာလတွင် ကနေဒါနိုင်ငံမှ စားတော်ပဲသစ်များ ရောက်ရှိလာမည်ဟု မျှော်မှန်းထားသဖြင့် ဈေးနှုန်းများ ယခုထက် ပိုမိုကျဆင်းနိုင်ကြောင်း ၎င်းမှ ခန့်မှန်းထားသည်။

ပဲမျိုးစုံ

၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) MSP (ရူပီး)

အလေးပေးထားသော ပျှမ်းမျှ ဈေးနှုန်း (Weighted average price) (ရူပီး)

ပဲစင်းငုံ (Tur)

8,000

6,300

ပဲတီစိမ်း (Moong)

8,768

6,700

မတ်ပဲ (Urad)

7,800

6,600

ကုလားပဲ (Chana)

5,650

5,400

မှတ်ချက်။      စားတော်ပဲဆိပ်ကမ်းအရောက် ကုန်ကျစရိတ်မှာ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ၃၅၀၀ ရူပီး။

ပြည်ပမှအကောက်ခွန်မဲ့စားတော်ပဲများ ဆက်လက်ဝင်ရောက်မှုသည် တောင်သူများ၏ ပြည်တွင်းပဲထုတ်လုပ်မှုကို မလွဲမသွေထိခိုက်ပျက်စီးစေမည်ဖြစ်ကြောင်း၊ ကုန်ကျစရိတ်ပင် ပြန်မရနိုင်သော တောင်သူများသည် ပဲစိုက်ပျိုးခြင်းကို စွန့်လွှတ်ကြမည်ဖြစ်ပြီး ၎င်းသည် ကိုယ့်အားကိုယ်ကိုးနိုင်မှုတွင် ဆိုးရွားသောကျဆင်းမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်းဖော်ပြထားသည်။ ပြည်ပမှတင်သွင်းမှုအပေါ် အလွန် အကျွံမှီခိုခြင်းသည် သမာရိုးကျစီးပွားရေးကျဆင်းမှုထက် ပိုမိုကြီးမားသောအန္တရာယ်ကိုဆောင်ကြဉ်းလာကြောင်း၊ မကြာသေးမီကဖြစ်ပေါ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာအဖြစ်အပျက်များက ပြသခဲ့သည့်အတိုင်း စားနပ်ရိက္ခာဖူလုံရေးသည် အမျိုး သားလုံခြုံရေးအတွက် အရေးကြီးဆုံးဖြစ်ကြောင်း ဆောင်းပါးရှင်က ဖော်ပြထား သည်။

စားတော်ပဲအပေါ် ကုလားပဲ၏ ကြမ်းခင်းဈေး(MSP)နှင့်ညီမျှအောင် သိသာထင်ရှားသော သွင်းကုန်ခွန်ချမှတ်ဆောင်ရွက်ခြင်းသည် ကာကွယ်ရေးဆိုင်ရာအစီအမံတစ်ခုမျှသာမဟုတ် စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးအခြေအနေကို ကာကွယ်ရန်၊ တောင်သူများကို စွမ်းပကားမြှင့်တင်ရန်နှင့် ပြင်ပအားနည်းချက်များမှ နိုင်ငံ၏ ခံနိုင်ရည်ရှိမှုကို သေချာစေရန်အတွက် မဟာဗျူဟာမြောက်မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း အစိုးရအား အကြံပြုပြောကြားခဲ့သည်။

မကြာသေးမီက အိန္ဒိယဗဟိုအစိုးရသည် စားသုံးဆီအပေါ် တင်သွင်းခွန်ကို ၂၀ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ရုံသာမက စားတော်ပဲအတွက် အကောက်ခွန်မဲ့တင်သွင်းခွင့်ကာလကိုလည်း သက်တမ်းတိုးမြှင့်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှု၏အကျိုးဆက်များကို ပြည်သူတို့ခံစားနေရပြီး၊ ဟင်းသီး ဟင်းရွက်ဆီသုံးစွဲမှု၏ ၆၅ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းမှုများဖြင့် ဖြည့်ဆည်း နေရသဖြင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်စေကြောင်း၊ ၁၉၉၀ ခုနှစ်မတိုင်မီက စားသုံးဆီတင်သွင်းမှုကို ကန့်သတ်ထားရှိခဲ့ရာ ပြည်တွင်းထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းကိုသာ အစိုးရက တင်သွင်းကာ ပြည်တွင်း၌ ရောင်းချခဲ့ကြောင်း၊ ဆောင်းပါးရှင်က လက်ရှိစားတော်ပဲတင်သွင်းမှုမူဝါဒကို စားသုံးဆီတင်သွင်းမှုမူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်ခဲ့ရသလို ထိခိုက်မှုရှိလာနိုင်သည့်အခြေအနေကို နှိုင်းယှဉ်ဝေဖန်သုံးသပ်ထားပါသည်။

Source: The Hindu Businessline, Yellow peas duty-free imports hurt food security, July 1, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News