International News

ဂျပန်နိုင်ငံ၏ နိုင်ငံ့ကြွေးမြီမှာ ပထမဆုံးအကြိမ်အဖြစ် ယန်း ၁,၃၀၀ ထရီလီယံရှိခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဇွန်လကုန်တွင် ဂျပန်နိုင်ငံ၏နိုင်ငံ့ကြွေးမြီမှာ ပထမဆုံးအကြိမ်အဖြစ် ယန်း ၁,၃၀၀ ကျော်ခဲ့ကာ ယန်း ၁,၃၁၁.၀၄ ထရီလီယံသို့ စံချိန်တင်ရောက်ရှိခဲ့ပါသည်။ အဆိုပါသတင်းတွင် အိမ်ထောင်စုများအပေါ် ငွေကြေးဖောင်းပွမှုကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများလျော့နည်းစေရေး ကူညီပေးရန် အစိုးရ၏အသုံးစရိတ်များ တိုးမြှင့်သုံးစွဲခဲ့ရခြင်းကြောင့် လွန်ခဲ့သော ၃ လနှင့်နှိုင်းယှဉ်ပါက နိုင်ငံ့ကြွေးမြီပမာဏမှာ ၁၃.၈၈ ထရီလီယံယန်းများပြားခဲ့ကြောင်း၊ ဂျပန်အစိုးရ၏ စုစုပေါင်းကြွေးမြီပမာဏမှာ နိုင်ငံ့ GDP ပမာဏယန်း ၆၀၀ ထရီလီယံ၏ ၂ ဆကျော်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းသို့ရောက်ရှိစေရေးအတွက် လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း အလွန်အမင်းဖြေလျှော့သည့်ငွေကြေးမူဝါဒကိုကျင့်သုံးခဲ့ပြီးနောက်တွင် တင်းကြပ်သည့်ငွေ ကြေးမူဝါဒသို့ ပြောင်းလဲကျင့်သုံးကာ အတိုးနှုန်းကို တိုးမြှင့်သတ်မှတ်ခဲ့ခြင်းနှင့် အစိုးရငွေချေးစာချုပ်များဝယ်ယူမှုကို လျှော့ချခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့အတိုးနှုန်းတိုးမြှင့်သတ်မှတ်ခဲ့ခြင်းကြောင့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေချေးယူရာတွင် ကုန်ကျစရိတ်များပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့အတူ အစိုးရ၏ကြွေးမြီပေးဆပ်ရမှုပမာဏမှာလည်း မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လရှိ ဂျပန်အစိုးရ ကြွေးမြီ၏ ထက်ဝက်နီးပါးမှာ ဂျပန်ဗဟိုဘဏ်၏ ကြွေးမြီများဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ဂျပန်အစိုးရငွေချေးစာချုပ်တန်ဖိုးမှာ ယန်း ၁,၁၆၀.၁၄ ထရီလီယံ ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ မတ်လကုန်နှင့်နှိုင်းယှဉ်ပါက ယန်း ၃.၀၃ ထရီလီယံ ပိုမိုများပြားခဲ့ကြောင်း၊ ဂျပန်အစိုးရငွေချေးစာချုပ်များအနက် အထွေထွေငွေချေးစာချုပ်တန်ဖိုးမှာ ယန်း ၁,၀၅၉.၅၆ ထရီလီယံရှိခဲ့ပြီး၊ ယန်း ၅.၉၁ ထရီလီယံပိုမိုများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် အဆိုပါအထွေထွေငွေချေးစာချုပ်(General Bonds)များ၏ အတိုးနှင့်အရင်းအား ပေးဆပ်နိုင်ရန်အတွက် အခွန်ရငွေများကို အသုံးပြုလျက်ရှိကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို တွန်းလှန်ရန်နှင့် ရုရှား-ယူကရိန်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများမြင့်တက်ကာ လူမှုနေထိုင်မှုအသုံးစရိတ်များမြင့်တက်ခဲ့ခြင်းတို့ကို ဖြေရှင်းနိုင်ရေးအတွက် ဘဏ္ဍာငွေအသုံးစရိတ်များတိုးမြှင့်သုံးစွဲခဲ့ရကြောင်း၊ အစိုးရအနေဖြင့် အသုံးစရိတ်များလျှော့ချနိုင်ရေးဆောင်ရွက်လျက်ရှိသော်လည်း နှစ်စဉ်နိုင်ငံ့အသုံးစရိတ်၏သုံးပုံတစ်ပုံနီးပါးမှာ ကြွေးမြီထုတ်ချေးမှုအပေါ် မှီခိုနေရကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Today

Category: International News