International News

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၇ လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၂.၂ သန်းကို ကြိုဆိုခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁၂.၂ သန်းလာရောက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၂.၅ ရာခိုင် နှုန်းတိုးလာကြောင်း ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့(VNAT)၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။

လေကြောင်းဖြင့်လာရောက်သူ ၁၀.၄ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၂၃.၈ ရာခိုင်နှုန်းတိုးလာကြောင်း၊ ကုန်းလမ်းနယ်စပ်ဂိတ်များမှ ဝင်ရောက်မှုမှာ ၁.၆ သန်းရှိပြီး ၁၃.၄ ရာခိုင်နှုန်းတိုးလာကြောင်း၊ ပင်လယ်ရေကြောင်းမှ ဝင်ရောက်သူဦးရေ ၁၈၃,၉၀၀ ရှိပြီး ၁၁.၁ ရာခိုင် နှုန်းတိုးမြင့်လာကြောင်း သိရှိရပါသည်။

ဈေးကွက်ရင်းမြစ်အရ တရုတ်နိုင်ငံသည် ခရီးသွားဧည့်သည် ၃.၁ သန်းဖြင့် ဦးဆောင်နေပြီး ပြည်ပမှ လာရောက်လည်ပတ်သူဦးရေ၏ ၂၅.၅ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံသည် ၂.၅ သန်းရှိပြီး ၂၀.၇ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း၊ အခြားအဓိကဈေးကွက်များတွင် ထိုင်ဝမ်(တရုတ်)မှ လာရောက်လည်ပတ်သူဦးရေ ၇၃၇,၀၀၀ ဦး၊ အမေရိကန် မှလာရောက်လည်ပတ်သူဦးရေ ၅၂၂,၀၀၀ ဦး၊ ဂျပန်မှလာရောက်လည် ပတ်သူဦးရေ ၃၈၀,၀၀၀ ဦးတို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။

ပိုလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ လာရောက်လည်ပတ်မှုသည် ၄၄.၈ ရာ ခိုင်နှုန်းနှင့် ၁၅.၈ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပြီး ထိုကဲ့သို့မြင့်တက်လာမှုမှာ အစိုးရ၏ဆုံးဖြတ်ချက်အမှတ် 11/QD-CP နှင့်ကိုက်ညီသော ၂၀၂၅ ခုနှစ် ခရီးသွားမြှင့်တင်ရေးကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားစာရင်းအင်းရုံး၏အဆိုအရ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများသည် ၇ လတာကာလအတွင်း ဝင်ငွေ ၉.၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ဟိုတယ်များ၊ စားသောက် ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုများမှ ဝင်ငွေ ၁၅ ရာခိုင်နှုန်း တိုးလာပြီး ခရီးသွားနှင့်ခရီးသွားဝန်ဆောင်မှုမှ ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။

ဇူလိုင်လတစ်လတည်းတွင် ဗီယက်နမ်နိုင်ငံသည် နိုင်ငံတကာခရီးသွားဧည့်သည် ၁.၅၆ သန်းကို လက်ခံရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။ အထူးသဖြင့် ဥရောပဈေးကွက်များမှ လာရောက်လည်ပတ်သူဦးရေ ၃၈ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပါသည်။ ဇူလိုင်လသည် နိုင်ငံတကာခရီးသွားလုပ်ငန်းအတွက် ခရီးသွားလာရောက်မှုအနည်းဆုံးဟု ယူဆသော်လည်း ဥပရောနိုင်ငံ ၆ နိုင်ငံဖြစ်သည့် ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်၊ ပိုလန်၊ ချက်သမ္မတနိုင်ငံနှင့် ဂျာမနီတို့အတွက် ဖြေလျှော့ထားသည့် ဗီဇာမူဝါဒများ၊ VNAT နှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး ဌာနတို့ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးပူးပေါင်းလုပ်ဆောင်သည့် အောင်မြင်မှုများကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: Vietnam Plus

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News