Apple ကုမ္ပဏီသည် iPhone များအပေါ် သွင်းကုန်ခွန်ကောက်ခံမည်ဟူသော သမ္မတထရမ့်၏ ခြိမ်းခြောက်မှုကိုရှောင်ရှားရန် အမေရိကန်နိုင်ငံရှိကုမ္ပဏီ၏ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ၌ ဒေါ်လာ ဘီလီယံ(၁၀၀)အထိရင်းနှီးမြှုပ်နှံမည်ဟုသိရှိရပါသည်။ အမေရိကန်သမ္မတအိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ Apple ကုမ္ပဏီသည် (၄)နှစ်အတွင်း ကုမ္ပဏီ၏ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ၌ ရင်းနှီး မြှုပ်နှံမှု ဒေါ်လာဘီလီယံ(၆၀၀)အထိပြုလုပ်ရန် ကတိပြုခြင်းသည် Apple ၏ကုန် ထုတ်လုပ်မှုအစီအစဉ်ကို သိသာစွာအရှိန်မြှင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ထို့အပြင် အမေရိကန်နိုင်ငံ၏ စက်မှုလုပ်ငန်းများ ကုန်ထုတ်လုပ်မှုအစီအစဉ်အရ Apple ကုမ္ပဏီ၏ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်(Supply Chain)နှင့် အဆင့်မြင့်စက်မှုကုန်ထုတ်လုပ်ငန်းများကို အမေရိကန်နိုင်ငံသို့ ယူဆောင်လာရန် အလေးထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Apple ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံအတွင်း ဒေါ်လာဘီလီယံ(၅၀၀)ရင်းနှီးမြှုပ်နှံ၍ လုပ်သား(၂၀, ၀၀၀)အထိခန့်ထားရန်ထုတ်ပြန်ခဲ့ပါကြောင်း၊သို့ရာတွင် မကြာသေးမီကာလအတွင်း အိန္ဒိယနိုင်ငံ၌ Apple ၏ ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့ခဲ့ခြင်းကြောင့် သမ္မတထရမ့်ကို စိတ်ဆိုးဒေါသထွက်စေခဲ့ကြောင်း၊ ထို့ကြောင့် သမ္မတထရမ့်က အမေရိကန်နိုင်ငံပြင်ပ၌ထုတ်လုပ်သည့် iPhone နှင့် အခြားတယ်လီဖုန်းထုတ်လုပ်သူများအား သွင်းကုန် ခွန်(၂၅)ရာခိုင်နှုန်းကောက်ခံမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် အမေရိကန်ကယခုကဲ့သို့ အိန္ဒိယနိုင်ငံအပေါ် ထပ်တိုးသွင်းကုန်ခွန်များချမှတ်လာခဲ့ရာ Apple ကုမ္ပဏီအနေဖြင့် မြင့်မားသည့်သွင်းကုန်ခွန်များကိုရှောင်ရှားနိုင်ရေး အမေရိကန်နိုင်ငံအတွင်း ထုတ်လုပ်မှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သိရှိရပါသည်။
Source: The New York Times
https://www.nytimes.com/2025/08/06/us/politics/trump-apple-investment.html?smid=url-share
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)