International News

အိန္ဒိယနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပျော်ဝင်မှုမရှိသော ဆာလဖာ တင်သွင်းမှုများအပေါ် စုပုံတင်ပို့မှုတန်ပြန်သည့်အခွန်ချမှတ်

Last Updated:

အိန္ဒိယနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပျော်ဝင်မှုမရှိသော ဆာလဖာ(Insoluble sulphur)တင်သွင်းမှုများအပေါ် စုပုံတင်ပို့မှုတန်ပြန်သည့်အခွန်(Anti-dumping duty)ကိုချမှတ်ခဲ့ကြောင်း သိရသည်။ ၎င်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ဗီတာမင်-အေပါလ်မီတိတ်(vitamin-Apalmitate)တင်သွင်းမှုများအပေါ်တွင်လည်း စုပုံတင်ပို့မှုတန်ပြန် သည့်အခွန်ကို ချမှတ်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါဆောင်ရွက်ချက်သည် ပြည်တွင်းထုတ်လုပ်မှုကဏ္ဍကို တရားမမျှတသောဈေးနှုန်းဖြင့် တင်သွင်းလာမှုအန္တရာယ်များမှကာကွယ်ရန်အတွက် အိန္ဒိယကုန်သွယ် မှုကုစားရေးညွှန်ကြားမှုဦးစီးဌာန(Directorate General of Trade Remedies-DGTR)၏အကြံပြုချက်အရ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအခွန်များ သည် ချက်ချင်းအကျိုးသက်ရောက်မည်ဖြစ်ပြီး ငါးနှစ်ကြာအသက်ဝင်မည်ဖြစ် ကြောင်း သွယ်ဝိုက်ခွန်နှင့် အကောက်ခွန်ဆိုင်ရာဗဟိုဘုတ်အဖွဲ့(Central Board of Indirect Taxes and Customs-CBIC)က ယခုလ ၆ ရက်တွင် သီးခြားအသိပေးချက်နှစ်ခု ထုတ်ပြန်ကြေညာခဲ့သည်။

ကုန်သွယ်မှုကုစားရေးညွှန်ကြားမှုဦးစီးဌာန(DGTR)၏ ယခုလ(မတ်လ)စုံစမ်းစစ် ဆေးမှုအရ အဆိုပါပစ္စည်းနှစ်မျိုးစလုံးကို အိန္ဒိယနိုင်ငံသို့ နိမ့်ကျသောဈေးနှုန်းများဖြင့် တရားမျှတမှုမရှိစွာတင်ပို့လျက်ရှိသည်ကိုတွေ့ရှိခဲ့ရပြီး ၎င်းသည် စုပုံတင်ပို့ခြင်း (Dumping)ကိုဖြစ်ပေါ်စေကာ ပြည်တွင်းထုတ်လုပ်သူများကို ထိခိုက်စေကြောင်း သိရသည်။

ပျော်ဝင်မှုမရှိသော ဆာလဖာကို အဓိကအားဖြင့် တာယာထုတ်လုပ်သူများက ရော်ဘာကို တောင့်တင်းခိုင်မာအောင်ပြုလုပ်ခြင်း(Rubber Vulcanisation) လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေရန်အသုံးပြုပြီး ဗီတာမင်-အေ ပါလ်မီတိတ်ကိုမူ အာဟာရဖြည့်တင်းထားသော အစားအစာများနှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍတွင် အသုံးပြုကြောင်းသိရသည်။ ဗီတာမင်-အေပါလ်မီတိတ်အပေါ် ချမှတ်သည့်အခွန်မှာ တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၇ မှ ၂၀ ဒသမ ၈၇ အထိရှိမည်ဖြစ်ပြီး ပျော်ဝင်မှုမရှိသော ဆာလဖာအပေါ်ချမှတ်သည့် အခွန်မှာမူ တစ်မက်ထရစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၉ မှ ၃၅၈ အထိရှိမည်ဖြစ်ကြောင်း သိရသည်။

Source: Economic Times, India slaps anti-dumping duty on insoluble sulphur from China, Japan, June 7, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News