International News

အိန္ဒိယဘာစမာတီဆန်တင်ပို့သူများ ပို့ကုန်ပမာဏမြင့်တက်လာမှုကြောင့် ဝင်ငွေဆက်လက်ထိန်းထားနိုင်

Last Updated:

ဘာစမာတီဆန်တင်ပို့ရောင်းချသူများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်သော လက်ရှိနှစ်၏စျေးကွက်ရှာဖွေရေးကာလတွင် အရောင်းအဝယ်စာချုပ်ဈေးနှုန်းများ သိသိသာသာကျဆင်းခဲ့ခြင်းနှင့် အနည်းဆုံးတင်ပို့မှုဈေးနှုန်း(MEP)မရှိသည့်အခြေအနေတို့ကြားမှ ပို့ကုန်ပမာဏမြင့်တက်လာမှုကြောင့် ၎င်းတို့၏ဝင်ငွေကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုရင်းမြစ်များ၏ဖော်ပြချက်အရ မေလ၏ပျမ်းမျှ ဘာစမာတီဆန်တင်ပို့မှုဈေးနှုန်းသည် ယခင်နှစ်က ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၈၀ ရှိခဲ့ရာမှ ၂၃ ရာခိုင်နှုန်းကျော်ကျဆင်း၍ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၃၁ သို့ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

ရာသီအစဖြစ်သော ၂၀၂၄ ခုနှစ် အောက်တိုဘာလက ဘာစမာတီဆန်ဈေးနှုန်းသည် ယခင်နှစ်က ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁,၂၂၆ ရှိခဲ့ရာမှ ၂၀ ရာခိုင်နှုန်းကျဆင်း၍ ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၉၇၇ သို့ရောက်ရှိခဲ့သော်လည်း၊ပြီးခဲ့သည့် ၈ လအတွင်း ဈေးနှုန်းများ ၁၅ ရာခိုင်နှုန်းထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။

၂၀၀၇-၀၈ ဘဏ္ဍာနှစ်တွင် ဘာစမာတီဆန်၏ နှစ်စဉ်ပျမ်းမျှတင်ပို့မှုဈေးနှုန်းသည် ၅၃ ရာခိုင်နှုန်းကျော်မြင့်တက်လာပြီး ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၉၀၇ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ နောက်တစ်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်လွန်ခဲ့ကြောင်း တွေ့ရှိ ရသည်။

“အဲဒီနောက်ပိုင်းမှာတော့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ပျမ်းမျှဈေးနှုန်းက ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၁,၂၂၀ ကျော်ခဲ့တာကလွဲလို့ ဈေးနှုန်းအတက်အကျသိပ်မရှိခဲ့ပါဘူး” ဟု ဝါရင့်တင်ပို့သူတစ်ဦးက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးမူဝါဒကျွမ်းကျင်သူ S Chandrasekaran က ဒုတိယမျိုးဆက် ဘာစမာတီဆန်ပြုပြင်ပြောင်းလဲမှုများအပေါ် ပိုမိုနက်ရှိုင်းစွာဆန်းစစ်သုံးသပ်ရန်လိုအပ် ကြောင်း အလေးပေးပြောကြား ခဲ့သည်။

“အရည်အသွေးနဲ့စစ်မှန်မှုကိုထိန်းသိမ်းရင်း ကမ္ဘာ့ဈေးကွက်ချဲ့ထွင်မှုကနေ ဘယ်လို အရှိန်မြှင့်တင်မလဲ၊ ဘယ်လိုဦးတည်မလဲ၊ဘယ်လိုအကျိုးအမြတ်ရယူမလဲဆိုတာကို ကျွန်တော်တို့ အလေးအနက်ထားဆွေးနွေးရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ လက်ရှိနှစ်ပေါင်း ၂၅ နှစ်သက်တမ်းရှိပြီဖြစ်သော ဘာစမာတီဆန်တင်ပို့မှုစံနှုန်းများကို ပြန်လည်သုံးသပ်ရန်လိုအပ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

GRM Overseas ကုမ္ပဏီ၏ COO ဖြစ်သူ Dinesh Chhatra ၏အဆိုအရ ပြီးခဲ့သည့်နှစ်က ရုရှား-ယူကရိန်းပဋိပက္ခကြောင့် မြင့်တက်ခဲ့သော ဝယ်လိုအားသည် ရနံ့မွှေးကြိုင်သော ဘာစမာတီဆန်၏ဈေးနှုန်းများကို သိသိသာသာမြှင့်တင်ပေးခဲ့ကြောင်းသိရသည်။၎င်းက ဘာစမာတီဆန်တင်ပို့မှုအချို့သည် ပျမ်းမျှဈေးနှုန်းထက် ပိုမိုမြင့်မားစွာရောင်းချခဲ့ရကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရသည် တင်ပို့သူ များ၏တောင်းဆိုမှုကြောင့် ပြီးခဲ့သည့်နှစ်စက်တင်ဘာလက ဘာစမာတီဆန်အပေါ် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၉၅၀ သတ်မှတ်ထားသည့် အနည်းဆုံးတင်ပို့မှုဈေးနှုန်း(MEP)ကို ဖယ်ရှားခဲ့ကြောင်း သိရသည်။

တရားဝင်အချက်အလက်များအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ ကာလအတွင်း အိန္ဒိယနိုင်ငံမှ ဘာစမာတီဆန် တင်ပို့မှုပမာဏသည် ယခင်နှစ်က တန်ချိန်သန်း ၃ ဒသမ ၄၃ သန်းမှ ၁၆ ရာခိုင်နှုန်းမြင့်တက်လာပြီး တန်ချိန်သန်း ၃ ဒသမ ၉၉ သန်းသို့ရောက်ရှိခဲ့ကြောင်း တွေ့ရှိ ရသည်။ ဘာစမာတီဆန်သည် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းက အိန္ဒိယနိုင်ငံ၏ ထိပ်တန်း စိုက်ပျိုးရေးပို့ကုန်သုံးမျိုးတွင် ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။

Source: The Hindu Businessline, Basmati export prices at 17-year low, higher volumes cushion the blow, June 11, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News