International News

ဗီယက်နမ်နိုင်ငံ လောင်ကိုင်နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုသည် မေလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၄၀ အထိ မြင့်တက်

Last Updated:

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လောင်ကိုင်နယ်စပ်ဂိတ်များမှတစ်ဆင့် ပို့ကုန်၊ သွင်းကုန်နှင့် ကုန်စည်ဖလှယ်မှု စုစုပေါင်းတန်ဖိုးသည် မေလတွင် အမေရိကန်ဒေါ်လာသန်း ၂၄၀ ရှိလာခဲ့ပြီး လအလိုက် ၂၉.၆၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အစပိုင်းမှစတင်၍ ဒေသတွင်းနယ်စပ်ဂိတ်များမှ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၄၄.၄ သန်းအထိရှိလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ကင်းမ်သန်းအပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊အဓိကတင်ပို့သည့်ပစ္စည်းများမှာ သစ်ပါးလွှာများ၊ သစ်သီးများ၊ ကော်ဖီ၊ မုန့်များနှင့် ဖိနပ်များပါဝင်ကြောင်း၊ သွင်းကုန်များတွင် အဓိကအားဖြင့် ဓာတ်မြေဩဇာ၊ ဟင်းသီးဟင်းရွက်များ၊ မီးဖိုချောင်သုံးကျောက်မီးသွေး၊ ဓာတုဗေဒပစ္စည်းများ၊ သကြားလုံးများ၊ စက် ယန္တရားများနှင့် စက်ကိရိယာများပါဝင်ကြောင်း ဖော်ပြထားပါသည်။

နေ့စဉ် နယ်စပ်ဂိတ်မှဖြတ်သန်း၍ သွားလာသည့် ပို့ကုန်ကားအစီးရေ ပျမ်းမျှ ၃၄၂ စီးခန့်ရှိပြီး ပို့ကုန်၊ သွင်းကုန်ကားအစီးရေ ၁၂၀ နှင့် ၂၂၂ အသီးသီးရှိကြောင်း ဖော်ပြထားပါသည်။

မီးရထားဖြင့် နယ်စပ်ဖြတ်ကျော်၍ ပို့ကုန်သွင်းကုန်ဆောင်ရွက်လျက်ရှိသည့် ရထားအစီးရေ ပျမ်းမျှ ၂ စီးမှ ၃ စီးခန့်ရှိပြီး မေလအတွင်း အဓိကအားဖြင့် ဆာလဖာ၊ ဓာတ်မြေဩဇာနှင့် ကျောက်မီးသွေးတင်သွင်းခြင်းနှင့် သံရိုင်းများပြန်လည်တင်ပို့ခြင်းတို့အတွက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အမှတ် 79/CD-TTg ကို ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လောင်ကိုင်ရှိ နယ်စပ်ဂိတ်များသည် လယ်ယာပို့ကုန်များအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ ပါသည်။

ထို့အပြင် တောင်ပိုင်းဒေသမှ ရာသီအလိုက်အသီးအနှံအများအပြား ရိတ်သိမ်းရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် အဆိုပါဂိတ်များမှ တင်ပို့မည့်အရေအတွက်သည် လာမည့်ကာလတွင် သိသိသာသာတိုးလာမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။

Source: Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News