International News

ဗီယက်နမ်နိုင်ငံသည် မေလအတွင်း ကုန်စည်အုပ်စု(၇)ခုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံများစွာရရှိ

Last Updated:

၂၀၂၅ ခုနှစ် မေလအတွင်း ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၉.၆ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ နောက်ဆုံးသတင်းအချက်အလက်များအရ သိရှိရပါသည်။

မေလ တစ်လတည်းတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထက်ရှိသော ပို့ကုန်အုပ်စု(၇)ခုရှိကြောင်း၊ ၎င်းတို့အနက် ကွန်ပျူတာ၊ အီလက်ထရွန်နစ်ထုတ်ကုန်များနှင့် အစိတ်အပိုင်းများတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံထိရှိပြီး အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

စက်ယန္တရားများ၊ စက်ကိရိယာများ၊ ကိရိယာများ၊ အပိုပစ္စည်းများတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅ ဘီလီယံခန့်၊ ဖုန်းအမျိုးမျိုးနှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံ၊ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၂၉ ဘီလီယံ၊ ဖိနပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၁၅ ဘီလီယံ၊ သစ်နှင့် သစ်အချောထည်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၄၁ ဘီလီယံ၊ သယ်ယူပို့ဆောင်ရေးနှင့် အပိုပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၄၁ အသီးသီးရရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ် ၅ လအတွင်း ဗီယက်နမ်နိုင်ငံ၏စုစုပေါင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈၀ ဘီလီယံအထိရှိလာခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၄ ရာခိုင်နှုန်းမြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံခန့်တိုးမြင့်လာသည်ဟု ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ် မေလကုန်အထိ ကုန်ပစ္စည်းအုပ်စု ၄ ခုမှ အမေရိကန်ဒေါ်လာ ဆယ်ဂဏန်းကျော်တင်ပို့နိုင်ခဲ့ပြီး၊ ကွန်ပျူတာများ၊ အီလက်ထရွန်းနစ်ပစ္စည်းများနှင့် အစိတ်အပိုင်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈.၄ ဘီလီယံ၊ ဖုန်းအမျိုးမျိုးနှင့် အစိတ်အပိုင်းများတင်ပို့မှု အမေရိကန်ဒေါ်လာ ၂၂.၄ ဘီလီယံ၊ စက်ယန္တရားများများ၊ စက်ပစ္စည်းများနှင့် အပိုပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ၊ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအသီးသီးရှိကြောင်း ဖော်ပြထားပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိကကုန်စည်အများအပြားမှာ သိသိသာသာတိုးတက်မှုရှိပြီး ကော်ဖီတင်ပို့မှုမှ ၆၂.၃ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံရှိကြောင်း၊ ပင်လယ်စာတင်ပို့မှုမှ ၁၇.၈ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံတိုးလာကြောင်း၊ သီဟိုဠ်စေ့တင်ပို့မှုမှ ၁၉.၄ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၁.၈၈ ဘီလီယံရှိကြောင်း၊ ပီလောပီနံနှင့် ပီလောပီနံထွက်ကုန်များတင်ပို့မှုမှ ၇ ရာခိုင်နှုန်းတိုးလာပြီး  အမေရိကန်ဒေါ်လာ ၆၀၁ သန်းရှိကြောင်း ရေးသားဖော်ပြထားပါသည်။

Source: https://asemconnectvietnam.gov.vn

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News