အမေရိကန်ရေနံလုပ်ငန်းမှကိုယ်စားလှယ်များက သမ္မတဒေါ်နယ်ထရမ့် ၏အစိုးရအဖွဲ့အား လာမည့်ရက်သတ္တပတ်များအတွင်း ရေနံဈေးနှုန်းများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ယင်းအကြောင်းကို Politico သတင်းစာက သတင်းရင်းမြစ်များ ကိုကိုးကား၍ ဖော်ပြခဲ့သည်။
သတင်းစာ၏ဖော်ပြချက်အရ အဆိုပါသတိပေးချက်များသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့အပါအဝင် အမေရိကန်အုပ်ချုပ်ရေးပိုင်းထံသို့ ဆက်တိုက်ရောက်ရှိ လာခဲ့သည်။ စိုးရိမ်ရသည့်အဓိကအကြောင်းရင်းမှာ အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင်ပို့မှုများရပ်ဆိုင်းသွားသဖြင့် ဈေးကွက်များသည် သိုလှောင်ရုံများအတွင်းရှိ ရေနံနှင့် ရေနံထွက်ပစ္စည်းအရန်သိုလှောင်မှုများအပေါ် ပိုမိုမှီခိုလာနေရခြင်းဖြစ်သည်။
အမည်မဖော်ပြထားသော ရေနံကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိချုပ်က လက်ရှိတွင် နိုင်ငံ၏ ရေနံအရန်သိုလှောင်မှုပမာဏသည် အန္တရာယ်ရှိသည့် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟုပြောကြားခဲ့သည်။ ၎င်းက ယင်းစိုးရိမ်ချက်များကို အစိုးရ၏အမြင့်ဆုံးအဆင့် တာဝန်ရှိသူများထံသို့ တင်ပြထားပြီးဖြစ်ကြောင်းနှင့် သိုလှောင်ရုံများ၏အခြေအနေကို အထူးဂရုပြုစောင့်ကြည့်သင့်ကြောင်း တိုက်တွန်းခဲ့ သည်။
၎င်း၏ခန့်မှန်းချက်အရ အရေးကြီးသည့်အခြေအနေသည် ဇွန်လအလယ်ပိုင်းမှ လကုန်ပိုင်းအတွင်းရောက်ရှိလာနိုင်ပြီး ရေနံဈေးနှုန်းများမြင့်တက်မှုမှာ ယခုလအတွင်း၌ပင် စတင်ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။
တစ်ဖက်တွင်လည်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Politico ၏သတင်းရင်းမြစ်များမှထုတ်ပြန်ထားသော အချက်အလက်များသည် မမှန်ကန်ကြောင်းပြောဆိုကာ ထိုသတင်းကို ငြင်းဆိုခဲ့သည်။
Source: https://www.angi.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)