International News

ကွမ်ကျိုးမြို့၏ဒရုန်းတင်ပို့မှုသည် (၂၅၂)ရာခိုင်နှုန်းမြင့်တက်လာကာ စိုက်ပျိုးရေးလုပ်ငန်းသုံးမော်ဒယ်များက အဓိကဖြစ်

Last Updated:

အရှေ့တောင်အာရှရှိ စပါးခင်းများ၌ ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့မှထုတ်လုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံးဒရုန်းများသည် စိုက်ခင်းများအပေါ်၌ဝဲပျံ၍ ဓာတ်မြေသြဇာများကိုအတိအကျ ဖြန့်ကျဲပေးလျက်ရှိပြီး ကမ္ဘာတစ်ဝက်ခန့်ဝေးသည့် ဘရာဇီးလ်နိုင်ငံ၏ စိုက်ခင်းများတွင်လည်း ဤဒရုန်းများသည် ပိုးသတ်ဆေးဖြန်းပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကွမ်ကျိုးမြို့သည် ဒရုန်းအစီးရေ(၆,၁၀၀)ကို တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၂၅၂)ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာကာ စိုက်ပျိုးရေးလုပ်ငန်းသုံးမော်ဒယ်များသည် တင်ပို့မှု၏ ထက်ဝက်ကျော်ပါဝင်ကြောင်း သိရှိရပါသည်။

Low-altitude economy သည် ကွမ်ကျိုး၏ "၁၂၂၁၈" ခေတ်မီစက်မှုစီမံကိန်းအောက်တွင် မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေပြီး လာမည့်နှစ်များတွင် မြို့တော်၏အဓိကစက်မှုလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

ကွမ်ကျိုးမြို့က တီထွင်ထုတ်လုပ်သည့် ဒရုန်းများသည် ကမ္ဘာတစ်ဝန်းရှိ နယ်ပယ်စုံတွင် အသုံးပြုလာသည်နှင့်အမျှ ကွမ်ကျိုးမြို့သည် ရိုးရှင်းလွယ်ကူသော ပို့ကုန်လုပ်ထုံးလုပ်နည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအကူအညီများ ပံ့ပိုးပေးခြင်းမှတစ်ဆင့် ဒရုန်းလုပ်ငန်းစုကို အထောက်အပံပေးကာ စီမံခန့်ခွဲမှုစနစ်များကို တစ်ဖြည်းဖြည်းပြုပြင်ပြောင်းလဲလျက်ရှိကြောင်း သိရှိရပါသည်။

လုပ်ထုံးလုပ်နည်းများမြန်ဆန်စေရန်အတွက် ကွမ်ကျိုးမြို့ရှိကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် စိုက်ပျိုးရေးလုပ်ငန်းသုံးဒရုန်းတင်ပို့မှုအတွက် "green channels" ကိုဖွင့်လှစ်ပေးခဲ့ပြီး အတည်ပြုချိန်များကို လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

ယခင်က ပို့ကုန်လိုင်စင်များသည် နှစ်လခန့်ကြာမြင့်သော်လည်း လက်ရှိတွင် မြန်ဆန်သည့် ခွင့်ပြုချက်များကြောင့် နိုင်ငံတကာမှ အမှာစာများရရှိစေကြောင်း ကွမ်ကျိုးမြို့ရှိ ထိပ်တန်းစိုက်ပျိုးရေးနည်းပညာကုမ္ပဏီ XAG မှ ပြည်သူ့ရေးရာဒါရိုက်တာ Qian Shuting က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် လက်ရှိကျင့်သုံးနေသော စည်းမျဉ်းများအရ ဒရုန်းတင်ပို့သည့်လုပ်ငန်းများသည် ပို့ကုန်လိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်သည့်ဌာနများက ပူးတွဲသုံးသပ်၍ အတည်ပြုခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ကွမ်ကျိုးမြို့သည် ယခုအခါ အသိအမှတ်ပြုထားသော ကုမ္ပဏီများအတွက် အကောက်ခွန်ရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်ပေးသည့် "ယုံကြည်စိတ်ချရသော တင်ပို့သူစာရင်း"ကို ပြုစုလျက်ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် ကွမ်ကျိုးမြို့တွင်ကျင်းပသည့် Canton Fair ကဲ့သို့သော ကုန်စည်ပြပွဲများတွင် ဒရုန်းကုမ္ပဏီများအတွက် အကောင်းဆုံးပြပွဲနေရာများကို စီစဉ်ပေးကာ ၎င်းတို့ကို ကမ္ဘာအနှံ့ရှိ ဝယ်သူများနှင့်ချိတ်ဆက်နိုင်ရန် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း XAG ၏ Overseas Director က ပြောကြားခဲ့ကြောင်း‌ သိရှိရပါသည်။

ဘဏ္ဍာရေးအဖွဲ့အစည်းများကလည်း လုပ်ငန်းများနှင့်သင့်လျော်သည့်အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိကြောင်း၊အခြားထိပ်တန်းဒရုန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် Hongpeng Helicopter Technology ကို ကွမ်ကျိုးမြို့ရှိ Bank of China မှချေးငွေအတိုးနှုန်း(၁.၂)ရာခိုင်နှုန်း လျှော့ချပေးခဲ့သဖြင့် နှစ်စဉ် ယွမ်(၆၀,၀၀၀) သက်သာခဲ့ကြောင်း၊ ထို့ကြောင့် သုတေသနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို သုံးလကြာတိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။

နောက်တစ်ဆင့်အနေဖြင့် ကွမ်ကျိုးကူးသန်းရောင်းဝယ်ရေးအရာရှိများသည် ထိပ်တန်းပို့ကုန် လုပ်ငန်းရှင်များအတွက် (၁၀၀)ရာခိုင်နှုန်း AEO(Authorized Economic Operator)အသိအမှတ်ပြုလက်မှတ်ရရှိရန်နှင့် ခရိုင်အဆင့်အထူးမူဝါဒများကို ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.newsgd.com/node_5c070fdd03/248ec71619.shtml 

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News