International News

ဆန်စပါးကဏ္ဍကို ကာကွယ်ရန် သွင်းကုန်ခွန်တိုးမြှင့်ဖို့ ရည်ရွယ်နေ

Last Updated:

ပြည်တွင်းဆန်စပါးကဏ္ဍကိုကာကွယ်ရန် ဗီယက်နမ်အပါအဝင် အဓိကနိုင်ငံ ၄ နိုင်ငံမှ ဆန်တင်သွင်းမှုအပေါ် သွင်းကုန်ခွန်အနည်းဆုံး ၁၃% တိုးမြှင့်ရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနက စီစဉ်နေသည့်သတင်းကို Manila Bulletin သတင်းစာတွင် ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ဆန်တင်သွင်းမှုမြင့်တက်လာပြီး ပြည်တွင်းဆန်စပါးကဏ္ဍ ထိခိုက်နစ်နာနေကြောင်းတွေ့ရှိသဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာန၏Policy Research Service-Trade Remedies Office(PRS-TRO)က တင်သွင်းဆန်အပေါ် ယာယီကာကွယ်ရေးအခွန်(Safeguard Duty)တိုးမြှင့်ကောက်ခံရန် အကြံပြုထားခြင်းဖြစ် ကြောင်း၊ PRS-TRO ၏ကနဦးစုံစမ်းစစ်ဆေးမှုအရ အခွန်ကို cash bond ပုံစံဖြင့် ကောက်ခံမည်ဖြစ်ပြီး HS Code 1006.30 အောက်ရှိ တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အဝကြိတ်ခွဲပြီးဆန်များ(semi-milled/wholly milled rice)အပေါ်သာ သက်ရောက်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ဆန်တင်သွင်းမှုစုစုပေါင်း မက်ထရစ်တန် ၂၀.၅၄ သန်းအနက် HS Code 1006.30 အောက်မှ တင်သွင်းမှုသည် မက်ထရစ်တန် ၁၆.၈၂ သန်း(၈၂%)ဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း၊ အခြားအမျိုးအစားများဖြစ်သည့် စပါး(HS 1006.10)၊ ဆန်လုံးညို(HS 1006.20)နှင့် ဆန်ကွဲ(HS 1006.40)တင်သွင်းမှုမှာ စုစုပေါင်း၏ ၁ ရာခိုင်နှုန်း၊ ၀ ရာခိုင်နှုန်းနီးပါးနှင့် ၁၇ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

PRS-TRO ၏အဆိုအရ ယာယီသွင်းကုန်ခွန်တိုးမြှင့်မှုသည် တစ်စိတ်တစ်ပိုင်း (သို့မဟုတ်)အပြည့်အဝကြိတ်ခွဲပြီးသားဆန်များကို အဓိကတင်ပို့နေသည့် ဗီယက် နမ်၊ ထိုင်း၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံများအပေါ်သာ သက်ရောက်မည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးကာလအတွင်း ဆန်တင်သွင်းမှု၏ ၈၂ ရာခိုင်နှုန်းမှာ ဗီယက်နမ်မှဖြစ်ပြီး ထိုင်း ၈ ရာခိုင်နှုန်း၊ မြန်မာ ၅ ရာခိုင်နှုန်းနှင့် ပါကစ္စတန် ၄ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း၊ နိုင်ငံ၏ဆန်စားသုံးမှုသည် ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ၉.၆၁ သန်းတန်မှ ၁၁.၈၇ သန်းတန်အထိတိုးလာခဲ့ပြီး တင်သွင်းဆန်၏ဈေးကွက်ဝေစုမှာ ၂၂ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်းအထိတိုးလာကာ ပြည်တွင်းဆန်၏ ဈေးကွက်ဝေစုမှာ ၇၈ ရာခိုင်နှုန်းမှ ၆၃ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ပြည်တွင်းဆန်၏ ဈေးကွက်ဝေစုသည် ၆၉ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်ခဲ့သော်လည်း ဆန်တင်သွင်းမှုပမာဏမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်တွင် ဆက်လက်ရှိနေခဲ့ကြောင်း၊ PRS-TRO က တင်သွင်းဆန်၏ ဈေးကွက်ဝေစုတိုးလာခြင်းသည် ပြည်တွင်းထုတ်လုပ်သူများ၏ဈေးကွက်ဝေစုကို သိသာစွာလျော့ကျစေခဲ့သည်ဟု သုံးသပ်ထားကြောင်း၊ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ တင်သွင်းဆန်များသည် ပြည်တွင်းဆန်ထက် ဈေးသက်သာစွာ ရောင်းချခဲ့ပြီး ပြည်တွင်းဆန်ဈေးနှုန်းများကို ၁၄ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိလျှော့ချနိုင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးချက်များတွင် ဖော်ပြထားကြောင်း သိရှိရပါ သည်။

PRS-TRO ၏အဆိုအရ တင်သွင်းဆန်များဈေးသက်သာနေခြင်းကြောင့် စားသုံးသူများ၏ဝယ်လိုအားကို ပိုမိုရရှိနေပြီး ပြည်တွင်းထုတ်လုပ်သူများသည် ထုတ်လုပ်မှုစရိတ်မြင့်တက်နေသော်လည်း ယှဉ်ပြိုင်နိုင်ရန် ဆန်ဈေးကိုမတိုးနိုင်ဘဲ ထိန်းထားရကြောင်း၊ ဈေးနှုန်းဖိအားသည် ဆန်စပါးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်ကို သက်ရောက်စေပြီး ဆန်စက်ပိုင်ရှင်များနှင့် ကုန်သည်များသည် တောင်သူများထံမှ စပါးဝယ်ယူဈေးကို ပြန်လည်လျှော့ချရန် လိုအပ်လာကြောင်း၊ ထို့ကြောင့် သွင်းကုန်ဆန်ဈေးသက်သာမှုသည် လယ်သမားများ၏စပါးဒိုင်ဈေး(farmgate price)ကိုကျဆင်းစေပြီး ဝင်ငွေနှင့် အကျိုးအမြတ်ကိုလျော့နည်းစေသည်ဟု PRS-TRO က သုံးသပ်ထားကြောင်း၊ PRS-TRO က ကာကွယ်ရေးအခွန်နှုန်းထားကို တင်သွင်းဆန်၏ ဆိပ်ကမ်းရောက်တန်ဖိုးနှင့် ပြည်တွင်းဆန်တန်ဖိုးအကြားရှိ ပျမ်းမျှထိခိုက်နစ်နာမှုကွာဟချက်(injury margin)ဖြစ်သည့် ၁၃ ရာခိုင်နှုန်းအပေါ် အခြေခံသတ်မှတ်သင့်သည်ဟု အကြံပြုထားကြောင်း၊ ယင်းအရ အစိုးရသည် လက်ရှိ ၁၅ ရာခိုင်နှုန်းသွင်းကုန်ခွန်ကို အနည်းဆုံး ၁၃ ရာခိုင်နှုန်းအမှတ်(ppt)ထပ်ပေါင်းတိုးမြှင့်ရန်စဉ်းစားနေပြီး အတည်ပြုပါက စုစုပေါင်းအခွန်နှုန်းမှာ ယခင် ၃၅ ရာခိုင်နှုန်းထက်ပင် မြင့်မားလာနိုင်ကြောင်း၊ အကောက်ခွန်ကော်မရှင်သည် တရားဝင်စုံစမ်း စစ်ဆေးမှုများပြုလုပ်ပြီးနောက် လိုအပ်သည်ဟုတွေ့ရှိပါက နောက်ဆုံးကာကွယ် ရေးအခွန်နှုန်းထားကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း PRS-TRO က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ယခင်အပတ်ကပြုလုပ်ခဲ့သည့်ဆန်စပါးဆိုင်ရာ ကနဦးဆွေးနွေးပွဲညီလာခံတွင် ပါကစ္စတန်က ဖိလစ်ပိုင်၏ကာကွယ်ရေးအခွန်စီစဉ်မှုသည် WTO စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိ/မရှိကို မေးခွန်းထုတ်ခဲ့ ကြောင်း၊ ပါကစ္စတန်ဘက်က ဆန်တင်သွင်းမှုတိုးလာခြင်းသည် “မမျှော်လင့်ထားသော တိုးတက်မှုဖြစ်စဉ်”ကြောင့်မဟုတ်ဘဲ ဖိလစ်ပိုင်အစိုးရက သွင်းကုန်ခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ခြင်း၏ အကျိုးဆက်သာဖြစ်သည်ဟု ဝေဖန်ခဲ့ကြောင်း၊ WTO ၏ General Agreement on Tariffs and Trade(GATT)အပိုဒ်(၁၉)အရ ဖိလစ်ပိုင်နိုင်ငံကဲ့သို့ WTO အဖွဲ့ဝင်နိုင်ငံများသည် ထုတ်ကုန်တစ်ခုကို ပမာဏအမြောက်အမြားတင်သွင်းလာမှုကြောင့် ပြည်တွင်းလုပ်ငန်းများကို ဆိုးရွားစွာထိခိုက်နစ်နာစေရန်ခြိမ်းခြောက်မှုရှိလာပါက ကာကွယ်ရေးအစီအမံများကို ကျင့်သုံးနိုင်သော်လည်း ယင်းထိခိုက်မှုသည် “မမျှော်လင့်ထားသော တိုးတက်မှုဖြစ်စဉ်များ”ကြောင့်ဖြစ်ရမည်ဟုပြဋ္ဌာန်းထားကြောင်း ဖော်ပြထားပါသည်။

Source: Manila Bulletin သတင်းစာ- Tariff hike eyed to shield rice sector

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့) 

Category: International News