International News

အမေရိကန်ပြည်ထောင်စုက အကောက်ခွန်ပြန်အမ်းငွေများကြောင့် ဂျပန်လုပ်ငန်းများ၏ အမြတ်အစွန်းသည် ဒေါ်လာ ၃ ဘီလီယံအထိမြင့်တက်လာနိုင်

Last Updated:

အမေရိကန်ပြည်ထောင်စုက အကောက်ခွန်ပြန်အမ်းငွေများကြောင့် ဂျပန်လုပ်ငန်းများ၏ အမြတ်အစွန်း ဒေါ်လာ ၃ ဘီလီယံအထိမြင့်တက်လာနိုင်ကြောင်း The Nikkei Asia သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “US tariff refunds set to boost Japan Inc. profits by up to $3bn” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အမေရိကန်အစိုးရသည် ကောက်ခံခဲ့သည့် အကောက်ခွန်အချို့အား ပြန်လည်ပေးအပ်ခြင်းကြောင့် ဂျပန်ကုမ္ပဏီများ၏အသားတင်အမြတ်ငွေသည် ယန်း ၄၀၀ ဘီလီယံနှင့် ၅၀၀ ဘီလီယံကြား(အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ မှ ၃ ဘီလီယံအထိ)ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း၊  အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံမှတင်သွင်းသော ကုန်စည်များအပေါ် အပြန် အလှန်ကောက်ခံသည့် အကောက်ခွန်(reciprocal tariff)၁၅ ရာခိုင်နှုန်းသတ်မှတ်၍ စည်းကြပ်ကောက်ခံခဲ့သော်လည်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် အမေရိကန်တရားရုံးချုပ်က အဆိုပါအကောက်ခွန်အမျိုးအစားကို ပယ်ဖျက်ခဲ့သည့်အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလမှစတင်၍ အမေရိကန် အစိုးရသည် အွန်လိုင်းမှတစ်ဆင့် အခွန်ပြန်အမ်းငွေလျှောက်ထားမှုများကိုစတင်လက်ခံ၍ ပြန်အမ်းငွေများစတင်ပေးအပ်နေကြောင်း ဖော်ပြထားပါသည်။

အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သည့် Seiko Epson သည် စုစုပေါင်းရောင်းအား၏ ၂၀ ရာခိုင်နှုန်းခန့်ကို အမေရိကန်တွင် ရောင်းချခဲ့ရပြီး လူကြိုက်များသည့် inkjet printers ကဲ့သို့သောကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန်ပေးဆောင်ခဲ့ရသည့် ယန်း ၂၂ ဘီလီယံအနက် ယန်း ၁၅ ဘီလီယံမှ ၂၀ ဘီလီယံပြန်အမ်းငွေရရှိရန် မျှော်လင့်ထားကြောင်း၊ Epson သည် ၂၀၂၇ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးမည့်ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေခန့်မှန်းချက်တွင် အမေရိကန်၏ အခွန်ပြန်အမ်းငွေရရှိမည့်အချိန်ကာလအား အတိအကျမခန့်မှန်းနိုင်သည့်အတွက် ပြန်အမ်း ငွေများကိုထည့်သွင်းတွက်ချက်မထားဘဲ ပြန်အမ်းငွေများရရှိပါက ကုမ္ပဏီ၏အမြတ်အစွန်းသည် ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

ဓာတုဗေဒပစ္စည်းထုတ်လုပ်သည့် Asahi Kasei ကုမ္ပဏီအနေဖြင့် အကောက်ခွန်ပြန်အမ်းငွေ ယန်း ၅.၅ ဘီလီယံ၊ အမြင်အာရုံနှင့်ဆက်စပ်သည့်ပစ္စည်းကိရိယာများထုတ်လုပ်သည့် Konica Minolta အနေဖြင့် ယန်း ၇ ဘီလီယံပြန်လည်ရရှိရန်ရမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိဝင်ငွေခန့်မှန်းချက်များတွင် ယင်းပမာဏများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိကြောင်း၊ ပြန်အမ်းငွေများ ခွင့်ပြုချက်ရရှိမည့်ပမာဏနှင့် အချိန်ကာလမှာမူ ခန့်မှန်းနိုင်ခြင်းမရှိကြောင်း၊ ဆောက်လုပ်ရေးစက်ယန္တရားထုတ်လုပ်သည့် Komatsu နှင့်သတ္တုထည်ပစ္စည်းထုတ်လုပ်သည့် Amada အပါအဝင် အချို့သောကုမ္ပဏီများသည် လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေခန့်မှန်းချက်များတွင် အဆိုပါပြန်အမ်းငွေများကို ထည့်သွင်းတွက်ချက်ထားကြောင်း၊ ပြန်အမ်းငွေများဖြင့် ကုန်ပစ္စည်းလက်ကျန်စုဆောင်းခြင်း၊ ရောင်းချလိုက်သည့် ကုန်စည်များ ၏ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်ရာတွင် အမြတ်အစွန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လက်လီအရောင်းလုပ်ငန်း၊ အိုင်တီ(IT)ပစ္စည်းကိရိယာလုပ်ငန်းနှင့် ဓာတု ဗေဒပစ္စည်းလုပ်ငန်းကဏ္ဍများအနေဖြင့် အကောက်ခွန်ပြန်အမ်းငွေအများအပြားရရှိရန် မျှော်လင့်ထားကြောင်း၊ မော်တော်ကားလုပ်ငန်းကဏ္ဍမှာမူ ယခုအပြန်အလှန်တုံ့ပြန်မှုဆိုင်ရာ အခွန်စည်းကြပ်မှုများအတွက် ပြန်အမ်းငွေရရှိရန်အကျုံးမဝင်ကြောင်း၊ အမေရိကန်နိုင်ငံရှိ အချို့သောကုမ္ပဏီများသည် ပြန်အမ်းငွေများကို လက်ခံရရှိနေပြီဖြစ် ကြောင်း၊တန်ဖိုးနည်းလက်လီအရောင်းဆိုင်ဖြစ်သည့် Dollar Tree သည် ဒေါ်လာ ၁၁၀ သန်းခန့်၊ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်သည့် McCormick ကမူ ဒေါ်လာ ၂၈ သန်းခန့်လက်ခံရရှိခဲ့ကြောင်း၊ အမေရိကန်တွင် ကင်မရာများနှင့် အခြားကုန်ပစ္စည်းများကို ရောင်းချနေသည့် Canon ကုမ္ပဏီသည် မေလကုန်တွင် ပြန်အမ်းငွေအတွက် လျှောက်လွှာများတင်သွင်းခဲ့ရာ လက်ရှိတွင် ယင်းငွေများပမာဏအချို့ကို လက်ခံရရှိထားပြီးဖြစ်ရာ အရောင်းမြှင့်တင်ရာတွင် လျှော့ဈေးပေးမည့် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

အမေရိကန်အစိုးရသည် ဇွန်လအစောပိုင်းတွင် ပြန်အမ်းငွေပေးရမည့် အတိုင်းအတာပမာဏများပြားလွန်းသည်ဟုဆိုကာ ပြန်အမ်းငွေများပေးရမည့်အမိန့်အပေါ် အယူခံဝင်ခဲ့ကြောင်း၊ အချို့သောအမေရိကန်ကုမ္ပဏီ များသည် အဆိုပါပြန်အမ်းငွေများကို စားသုံးသူများထံ ပြန်လည်ပေးအပ်ရန်တောင်းဆိုသည့် စုပေါင်းတရားစွဲဆိုမှုများနှင့်ရင်ဆိုင်နေရကြောင်း၊ဂျပန်ကုမ္ပဏီများက ပြန်လည်ရရှိမည့်ပြန်အမ်းငွေပမာဏသည် အမှန်တကယ်ပေးဆောင်ခဲ့ရသည့် အကောက်ခွန်ပမာဏထက် လျော့နည်းနိုင်ခြေရှိကြောင်း၊ အဆိုပါပြန်အမ်းငွေများကြောင့် ဝင်ငွေအမြတ်အစွန်းယာယီတိုးတက်လာမည်ဖြစ်သော်လည်း ကုမ္ပဏီများ သည် အခွန်ပြန်အမ်းငွေအပေါ် မည်ကဲ့သို့အသုံးပြုရမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားရန်လိုအပ်မည်ဖြစ်ပြီး ပြန်အမ်းငွေများအား ရေရှည်တိုးတက်မည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အလားတူလုပ်ငန်းများဆီသို့ ပြန်လည်ခွဲဝေအသုံးပြုသွားသင့်ကြောင်း ဖော်ပြထားပါသည်။

Source: https://asia.nikkei.com/economy/trade-war/trump-tariffs/us-tariff-refunds-set-to-boost-japan-inc.-profits-by-up-to-3bn

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News