International News

မလေးရှားနိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်အတွက် ယူအေအီးနိုင်ငံမှ CEPA ဖြင့် အကောင်အထည်ဖော်လျက်ရှိ

Last Updated:

အာရပ်စော်ဘွားများပြည်ထောင်စုနှင့်မလေးရှားနိုင်ငံတို့သည် နှစ်နိုင်ငံဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(CEPA)ကို တရားဝင်အသက်သွင်းခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် အဓိကခြေလှမ်းသစ်တစ်ရပ်အဖြစ် အသိအမှတ်ပြုခဲ့ကြပါ သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါသဘော တူညီချက်သည် ကဏ္ဍပေါင်းစုံတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် ကူးသန်းရောင်းဝယ်ရေးရေရှည်ဆက်ဆံမှုများကို ခိုင်မာစေရန်ရည်ရွယ်ထားရှိပါသည်။

နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏမှာ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၃၀.၉ % တိုးမြင့်လာခဲ့ပါသည်။ အဆိုပါ CEPA အရ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံရှိသော အလုံးစုံကုန်သွယ်မှုပမာဏကို ၂၀၃၂ ခုနှစ်မတိုင်မီ နှစ်ဆကျော်တိုးတက်လာစေရန်နှင့် ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၃.၅ ဘီလီယံအထိမြှင့်တက်လာရန် ရည်မှန်းထားပါသည်။

သဘောတူညီချက်တွင် အခွန်အကောက်များကို လျှော့ချရန်(သို့မဟုတ်) ဖယ်ရှားရန်၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ချောမွေ့စေရန်နှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့်အစီအမံများအား မိတ်ဆက်ပေးထားပါသည်။ ၎င်းတွင် အစ္စလာမ့်စီးပွားရေးဆိုင်ရာသီးခြားအခန်းကဏ္ဍတစ်ရပ်ပါ၀င်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု၊နည်းပညာလွှဲပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို အားပေး မြှင့်တင်ထားပါသည်။ တိုးတက်မှုအတွက် မီးမောင်းထိုးပြထားသည့် အဓိကကဏ္ဍများတွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ အသိဉာဏ်ရည်တုကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတို့ပါဝင်ပါသည်။

ယူအေအီးနိုင်ငံခြားကုန်သွယ်မှု၀န်ကြီး Dr. Thani bin Ahmed Al Zeyoudi က အဆိုပါအတည်ပြုလက်မှတ်ရေးထိုးမှုသည် ၎င်းတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှုများအတွက် လမ်းခင်းပေးထားကြောင်းနှင့် CEPA သည် နှစ်နိုင်ငံကြားကုန်သွယ်မှုဆက်ဆံရေးကိုမြှင့်တင်ရာတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့ပါ သည်။

အဆိုပါ CEPA သည် မလေးရှားနိုင်ငံနှင့် အာရပ်ကမ္ဘာတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို အားဖြည့်ပေးသည့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်ခုနှင့် ၎င်းတို့၏ပထမဆုံးသော ကုန်သွယ်မှုသဘောတူညီချက်တစ်ရပ်ဖြစ်ပြီး ၎င်း CEPA သည် ၂၀၃၁ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ထရီလီယံနှင့်အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံ စီးပွားရေးကို ရှာဖွေပေးနိုင်မည့် ယူအေအီးနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော နိုင်ငံခြားကုန်သွယ်မှုမဟာဗျူဟာနှင့် ကိုက်ညီမှုရှိပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ ယူအေအီးနိုင်ငံ၏ CEPA အစီအစဉ်သည် နိုင်ငံပေါင်း ၃၁ နိုင်ငံနှင့် သဘောတူညီချက်များကို အောင်မြင်စွာလက်မှတ်ရေးထိုးထားရှိထားပြီး ယူအေအီးနိုင်ငံ၏ ပြည်တွင်းစီးပွားရေး လုပ်ငန်းများအတွက် ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံပမာဏခန့်ရှိသည့် စျေးကွက်ဝင်ရောက်ခွင့်ကို ချဲ့ထွင်နိုင်ခဲ့ပါသည်။

အဆိုပါသဘောတူညီချက်အား ယူအေအီးနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ပိုမိုနက်ရှိုင်းသော စီးပွားရေးပေါင်းစည်းမှုနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အဓိကမူဘောင်တစ်ခုအဖြစ် ကျယ်ပြန့်စွာရှုမြင်ထားပါကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News