International News

ယူအေအီးနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပင်လယ်ရေကြောင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးကို ခိုင်မာစေရန်ဆောင်ရွက်

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့သည် ရေကြောင်းကဏ္ဍ၌ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိပြီး ယူအေအီးနိုင်ငံသားပိုင် ကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ ပိုမိုတိုးပွားလျက်ရှိကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သင်္ဘောပို့ဆောင်ရေးအကြံပေး Dr.M. Sakhawat Hussain က ဒူဘိုင်း၌ ကျင်းပသည့် World Maritime Day Parallel Event 2025 ပြပွဲတွင် ဆိပ်ကမ်းအခြေခံအဆောက်အအုံများကို မြှင့်တင်ရန်ရည်ရွယ်သည့် ယူအေအီးကုမ္ပဏီများနှင့် ဆက်လက်ဆွေးနွေးမှုများအပေါ် အလေးပေးပြောကြားခဲ့ပါသည်။

အဘူဒါဘီပြည်နယ်နှင့် ဒူဘိုင်းပြည်နယ်များအပါအဝင် ယူအေအီးနိုင်ငံမှ ဆိပ်ကမ်းလုပ်ငန်းကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေလျက်ရှိကြခြင်းမှာ အပြန်အလှန် ယုံကြည်မှု၏ ခိုင်မာသောအခြေခံအုတ်မြစ်ကို ထင်ဟပ်လျက်ရှိပြီး နိုင်ငံ၏ ပင်လယ်ပြင်ချဲ့ထွင်မှုကို ပံ့ပိုးရန် ယူအေအီးနိုင်ငံမှ အဆင်သင့်ရှိနေသည်ကိုအချက်ပြနေခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

အကြိုဆွေးနွေးပွဲများတွင် ယူအေအီးနိုင်ငံသားပိုင်အဖွဲ့အစည်းများမှ အဓိကဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းကို လက်ခံရယူခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာအလားအလာများကို ထည့်သွင်းစဉ်းစားခဲ့ကြပြီး နှစ်နိုင်ငံရေကြောင်းဆိုင်ရာဆက်ဆံမှုများ အားကောင်းလာစေရန် အဓိကအချက်အဖြစ် ဖော်ပြထားသော လှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါသည်။

စစ်တကောင်းဆိပ်ကမ်း၏ လက်ရှိရင်းနှီးမြှုပ်နှံမှုစီမံကိန်းများတွင် “AP” ဆိပ်ကမ်းတိုးချဲ့ တည်ဆောက်ရေးလုပ်ငန်း၊ DP World ၏ကွန်တိန်နာဆိပ်ကမ်းလည်ပတ်ဆောင်ရွက်မှုနှင့် ကမ္ဘာ့ဘဏ်မှ ကျောထောက် နောက်ခံပြုထားသည့် အမေရိကန်ဒေါ်လာသန်း ၆၈၀ တန်ကြေးရှိ ရေလမ်းကြောင်းခွဲတည်ဆောက်မှုနှင့် ရေကြောင်းသောင်တူးခြင်း စသည်တို့ပါဝင်ပါသည်။ဤအဆင့်မြှင့်တင်မှုများသည် တောင်အာရှတွင် ထိပ်တန်းအချက်အချာတစ်ခုအဖြစ် စစ်တကောင်းကို ထားရှိရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများ အထူးသဖြင့်ယူအေအီးနိုင်ငံနှင့် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း Dr. Hussain က အလေးပေးပြောကြားခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်း၏ ရွေးကောက်ပွဲများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုသည်  ယူအေအီးကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုများနှင့် နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများအား ဖွံ့ဖြိုးတိုးတက်လာစေရန် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု ၎င်းက ကိုးကား ဖော်ပြခဲ့ပါသည်။

ပိုမိုနက်ရှိုင်းသော မိတ်ဖက်ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့သွားမည့် ကတိ ကဝတ်များအပေါ် အလေးအနက်ဖြစ်စေပြီး ဒေသတွင်းစီးပွားရေးတိုးတက်မှုအား တွန်းအားပေးရန် မျှော်လင့်ထားသည့် မိတ်ဖက်ဆက်ဆံရေးအတွက် ခိုင်မာစေခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News