International News

အီးယူမှ ဖိလစ်ပိုင်နိုင်ငံအား ငွေကြေးခဝါချမှုအန္တရာယ်မြင့်မားသည့် နိုင်ငံစာရင်းမှ ပယ်ဖျက်၍ မိုနာကိုအပါအဝင် ၉ နိုင်ငံအား ထည့်သွင်း

Last Updated:

အီးယူမှယူအေအီးနိုင်ငံအား ငွေကြေးခဝါချမှုအန္တရာယ်မြင့်မားသည့်နိုင်ငံများစာရင်းမှ ပယ်ဖျက်ခဲ့ပြီး မိုနာကိုအပါအဝင် အယ်ဂျီးရီးယား၊ အန်ဂိုလာ၊ အိုင်ဗရီကို့စ်၊ ကင်ညာ၊ လာအို၊ လက်ဗနွန်၊ နမီး ဘီးယား၊ နီပေါနှင့် ဗင်နီဇွဲလားနိုင်ငံတို့အား  ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ ပိုမိုစောင့်ကြည့်ရမည့်နိုင်ငံများစာရင်းသို့ထည့်သွင်းခဲ့ကြောင်း ၁၀-၆-၂၀၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ စာရင်းမှပယ်ဖျက်သည့် နိုင်ငံများတွင် ယူအေအီးနိုင်ငံနှင့်အတူ ဘာဘဒေါ့စ်၊ ဂျီဘရယ်လ်တာ၊ ဂျမေကာ၊ ပနားမား၊ ဖိလစ်ပိုင်နှင့် ယူကန်ဒါတို့ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အီးယူမှ ယခုကဲ့သို့ပယ်ဖျက်ခဲ့ခြင်းမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက ငွေကြေးဆိုင် ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(Financial Action Task Force- FATF)မှ ဖိလစ်ပိုင်နိုင်ငံအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စောင့်ကြည့်ရမည့် နိုင်ငံစာရင်းမှပယ်ဖျက်ခဲ့ပြီး လာအိုနှင့် နီပေါနိုင်ငံတို့အား စာရင်းထည့်သွင်းခဲ့ခြင်းကြောင့်ဖြစ်ပါ သည်။ ပြင်သစ်နိုင်ငံအခြေစိုက်အဖွဲ့အစည်း FATF သည် နိုင်ငံပေါင်း ၂၀၀ ကျော်၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များရှိ/မရှိ မီးခိုရောင်အဆင့်စာရင်း Grey List တွင်ပါဝင်သည့်နိုင်ငံများအား စောင့်ကြပ်စစ်ဆေးလျက်ရှိပါသည်။

မိုနာကိုနိုင်ငံနှင့်အခြားသော အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘူလ်ဂေးရီးယားနှင့် ခရီုအေးရှားနိုင်ငံများကို ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ စောင့်ကြည့်ရမည့်နိုင်ငံများစာရင်းသို့ ထည့်သွင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အီးယူကော်မရှင်၏ ငွေကြေးဝန်ဆောင် မှုဆိုင်ရာ အကြီးအကဲမှ ၎င်းတို့အနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်ပါဆောင်ရွက်သွားမည်ဖြစ်သဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများပါဝင်ခြင်းအပေါ် အချိန်နှင့်တပြေးညီထုတ်ပြန်သွားခြင်းဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။

FATF List တွင် ပါဝင်သည့် အီးယူအဖွဲ့ဝင်နိုင်ငံများကို အီးယူလွှတ်တော်နှင့် အဖွဲ့ဝင်နိုင်ငံများမှ အသေးစိတ်စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ငြင်းဆန်ရန်မရှိပါက တစ်လအတွင်းအတည်ပြု၍ စောင့်ကြည့်ရမည့်နိုင်ငံများစာရင်းသို့ ထည့်သွင်းသွားမည်ဖြစ်ကြောင်း အီးယူကော်မရှင်မှပြောကြားခဲ့ပါသည်။

မိုနာကိုအစိုးရမှ ၎င်းတို့အား အီးယူအဖွဲ့ဝင်နိုင်ငံအနေဖြင့် ထည့်သွင်းနေရာချထားခြင်းကဲ့သို့ဖြစ်နေပါကြောင်းနှင့် FATF မှ ချမှတ်ခဲ့သည့် Grey List မှ အချိန်တိုအတွင်း ပယ်ဖျက်သွားရန် လိုအပ်သည့်အစီအမံများဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားထားပါသည်။

ဖိလစ်ပိုင်နိုင်ငံရှိ အီးယူကုန်သည်ကြီးများအသင်း(The European Chamber of Commerce of the Philippines-ECCP)မှ ဖိလစ်ပိုင်နိုင်ငံအား ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်ရမည့်နိုင်ငံစာရင်းမှပယ်ဖျက်ခံရခြင်းအား ကြိုဆိုပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နောက်ဆုံးအခြေအနေများသည်  Grey List မှ ပယ်ဖျက်ပေးရန်ခိုင်မာသေချာသည့် အချက်အလက်များဖြစ်ပါကြောင်း ECCP မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ငွေရေးကြေးရေးလုပ်ဆောင်ချက်များ ပိုမိုပွင့်လင်းမြင်သာလာခြင်း၊ မူဝါဒစည်းမျဉ်းစည်းကမ်းများ ခိုင်မာအားကောင်းလာခြင်း၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစွာဆောင်ရွက်လာနိုင်ခြင်း၏ရလဒ်များသည် လက်ရှိဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ထင်ဟပ်စေကြောင်း ဖော်ပြပါရှိပါသည်။ ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးလွှဲပြောင်းပေးချေမှုများ ပိုမိုအဆင်ပြေချောမွေ့ စေမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ဂုဏ်သိက္ခာလည်းမြင့်တက်ကာ နိုင်ငံတကာသို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွဲဆောင်နိုင်သည့်တိုင်းပြည်တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Source: https://www.abs-cbn.com/news/business/2025/6/12/eu-removes-philippines-from-high-risk-money-laundering-list-adds-monaco-

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News