International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြေရှားသတ္တုသံလိုက်တင်ပို့မှုဆိုင်းငံ့ခြင်းကြောင့် အိန္ဒိယ၏ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍ ထိခိုက်နိုင်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ မြေရှားသတ္တုသံလိုက်များတင်ပို့မှုအတွက် ခွင့်ပြုချက်များကို ဆိုင်းငံ့ထားကြောင်း၊ထို့ကြောင့်သမားရိုးကျနှင့် လျှပ်စစ် သုံးမော်တော်ယာဉ်ထုတ်လုပ်မှုကို ထိခိုက်နိုင်ကြောင်း အိန္ဒိယနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍမှ အစိုးရထံ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့တွင် အဆိုပါ ပြဿနာကို မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍ ကိုယ်စားလှယ်များက အိန္ဒိယအကြီးစားစက်မှုဝန်ကြီးဌာန၏ အတွင်းရေးမှူးထံတင်ပြခဲ့ပြီး လျှပ်စစ်သုံးမော်တော်ယာဉ်များတွင် အသုံးပြုသော မော်တာများအတွက် မရှိမဖြစ်လိုအပ်သော ယင်းအစိတ်အပိုင်းများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံက လက်ဝါးကြီးအုပ်ထားသည့်အခြေအနေကို မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံအခြေစိုက် Bosch၊ Continental Automotive နှင့် Mahle Group ကဲ့သို့သော နိုင်ငံစုံမော်တော်ယာဉ်အစိတ်အပိုင်းကုမ္ပဏီများ၏ နိုင်ငံခြားရုံးခွဲများအနေဖြင့် တင်သွင်းခွင့်ပြုချက်များရရှိနေသော်လည်း အိန္ဒိယကုမ္ပဏီ ၃၀ ခန့်က လျှောက်လွှာတင်ထားသော်လည်း ၎င်းတို့၏အိန္ဒိယလုပ်ငန်းခွဲများအနေဖြင့် ခွင့်ပြု ချက်များ မရရှိသေးကြောင်း သိရသည်။

ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများဖြစ်သည့် အိန္ဒိယမော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သူများအသင်း(The Automotive Component Manufacturers Association of India-ACMA) နှင့် အိန္ဒိယမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (The Society of Indian Automobile Manufacturers-SIAM) တို့က မေလ ၂၉ ရက်နေ့က အကြီးစားစက်မှုဝန်ကြီးဌာနနှင့်ပြုလုပ်ခဲ့သော အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းတို့၏ဆွေးနွေးမှုများတွင် မြေရှားသတ္တုသံလိုက်မပါဝင်သော မော်တာများထုတ်လုပ်ခြင်းကဲ့သို့သော ရေရှည်ရွေးချယ်စရာနည်းလမ်းများကိုလည်း ရှာဖွေခဲ့ရာ အနည်းဆုံးအချိန်နှစ်နှစ်ခန့် ကြာမြင့်နိုင်ကြောင်း၊ သို့မဟုတ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ မော်တာအလုံးလိုက်တင်သွင်းခြင်းသည် အစိုးရ၏"Make-in-India" အစီအ စဉ်နှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး ထုတ်လုပ်မှုနှင့်ချိတ်ဆက်ထားသော မက်လုံးများ (Production-linked incentives)ကို ထိခိုက်စေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ Bajaj Auto Ltd. က ဇူလိုင်လအထိ အဆိုပါကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းမရှိပါက မော်တော်ယာဉ်နှင့် ဆက်စပ်အစိတ်အပိုင်းများထုတ်လုပ်မှုအပေါ် ပြင်းထန်စွာထိခိုက်နိုင်သည်ဟု သတိပေးခဲ့ကြောင်း သိရ သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြေရှားသတ္တုသံလိုက်တင်သွင်းခွင့်ပြုချက် လုံးဝမရရှိသေးကြောင်း သိရသည်။ ၎င်းသည် တရုတ်အာဏာပိုင်များထံမှ ခွင့်ပြုချက်လိုအပ်သည့် ပို့ကုန်စည်းမျဉ်းအသစ်များထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် အဆိုပါရပ်ဆိုင်းမှု သည် အမေရိကန်ပြည်ထောင်စု၏ အကောက်ခွန်များအပေါ် တုံ့ပြန်မှုတစ်ရပ်ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး မြေရှားသတ္တုသိုက်များကို ပိုင်ဆိုင်ထားသော်လည်း ပြည်တွင်းထုတ်လုပ်မှုနည်းပါးနေ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ် အကြီးအကျယ်မှီခိုနေရကြောင်း သိရသည်။ ယခုအခါ အိန္ဒိယအစိုးရသည် အဆိုပါမှီခိုအားထားမှုကို လျှော့ချရန်အတွက် ပြည်တွင်းမြေရှားသတ္တုသံလိုက်ထုတ်လုပ်မှုကိုမြှင့်တင်ရန် ဘဏ္ဍာရေးဆိုင်ရာမက်လုံးများပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။

CNBC-TV18 ၏သတင်းများအရ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုသည် အိန္ဒိယထိပ်တန်းဝန်ကြီးများ၏ အာရုံစိုက်မှုကိုရရှိခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ရုံး(PMO)၊ အကြီးစားစက်မှုဝန်ကြီးဌာန(MHI)၊ နိုင်ငံခြားရေးဝန်ကြီးဌာန(MEA)နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြေရှားသတ္တုသံလိုက်ပို့ကုန်ကန့်သတ်မှုများ၏ သက်ရောက်မှုကို ပူးပေါင်းအကဲဖြတ်နေကြောင်း သိရသည်။

CNBC-TV18 ၏အစီရင်ခံစာအရ အစိုးရသည် ပေကျင်းသို့ စက်မှုလုပ်ငန်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် စဉ်းစားနိုင်ကြောင်းနှင့် ရည်ရွယ်ချက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ အဆိုပါပို့ကုန်ခွင့်ပြုချက်စနစ်အသစ်နှင့်ပတ်သက်၍ ရှင်းလင်းချက်ရယူရန်ဖြစ်ကြောင်း သိရသည်။

Source: Live Mint, Indian auto stuck in queue as China clears rare earth magnets for others | Mint, June 5, 2025.

             Financial Express, Rare earth supply chain facing disruption, India may send team to China, June 5, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News