International News

ထိုင်းနိုင်ငံ၊ ပို့ကုန်ဈေးကွက်သည် ပြင်းထန်သော ထိခိုက်မှုကြုံတွေ့နေရ

Last Updated:

အမေရိကန်က အခွန်နှုန်းထားကို ၃၆ ရာခိုင်နှုန်းကောက်ခံခဲ့ပါက ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၏ပို့ကုန်သည် ကျဆင်းသွားနိုင်သည်ဟု ပုဂ္ဂလိကကဏ္ဍက ပြောကြားခဲ့ပါသည်။

ဩဂုတ်လ ၁ ရက်နေ့မှစ၍ ထိုင်းကုန်စည်အားလုံးအပေါ် အခွန် ၃၆ ရာခိုင်နှုန်းကောက်ခံရန် အမေရိကန်စီစဉ်ထားပါကြောင်း၊ အခွန်သည် ထိုင်းနိုင်ငံ၏ ပို့ကုန်ဈေးကွက်ကို ပြင်းထန်စွာထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် ဗီယက်နမ်နှင့် မလေးရှားတို့သည် လက်ရှိတွင် နှုန်းထားနည်းနေသေးပါကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှုကို လျော့ကျစေပြီး အမှာစာများကို အဆိုပါနိုင်ငံများသို့ ပြောင်းလဲ သွားစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံ၌ အခွန်အခြေအနေသည် လုပ်သာကိုင်သာမရှိသောကြောင့် ဗီယက်နမ် သို့မဟုတ် မလေးရှားနိုင်ငံများသို့ ပြောင်းရွှေ့သွားနိုင်ရာ အခွန်နှုန်းထားမြင့်မားခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း ကျဆင်းစေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်၏ ထုတ်ကုန်အားလုံးကို အခွန်ရပ်တန့်လိုက်သည့်သဘောတူညီခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်၏ အတည်ပြုချက် လျင်လျင်မြန်မြန်ရရှိသွားသော ဗီယက်နမ်၏ပုံစံကို နမူနာယူရန် တိုက်တွန်းလိုကြောင်း Thai National Shippers’ Council(TNSC)ဥက္ကဋ္ဌ Mr. Dhanakorn Kasetr-suwan က ပြောကြားခဲ့ သည်။

အမေရိကန်၏ ကုန်စည်များအပေါ် အခွန်သုညရာခိုင်နှုန်းပေးနိုင်မည့် ဖြစ်နိုင်ချေများကို ရှာဖွေနေစဉ်အတွင်း တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးအတွက် မျှမျှတတစေ့စပ်ညှိနှိုင်းနိုင်မည့် ပုံစံတစ်ခုကိုဖန်တီးသင့်ပါကြောင်း၊ ၃၆ ရာခိုင်နှုန်းအခွန်သည် ထိုင်းပို့ကုန်ကို အမှန်တကယ်ပင်ကျဆင်းစေမည်ဖြစ်ပြီး ဒုတိယနှစ်ဝက်တွင်ဖြစ်နိုင်ကြောင်း၊ ပြင်းထန်မှုသည် ထိုင်းနိုင်ငံ၏အခွန်သည် ပြိုင်ဘက်နိုင်ငံများထက် မည်မျှမြင့်မားသည်ဆိုသည့်အပေါ်တွင် မူတည်နေပါကြောင်း၊ မည်သည့်ပြိုင်ဘက်က အမေရိကန်သို့ တင်ပို့နေသော ထိုင်းပို့ကုန်အမှာစာနေရာတွင် အစားထိုးလာနိုင်မည်ဆိုသည့်အချက်သည်လည်း နိုင်ငံ၏ပို့ကုန်တိုးတက်မှုကို သက်ရောက်စေမည့် အခြားသောအရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပို့ကုန်အမှာစာများအပေါ် ချက်ချင်းသက်ရောက်လာခြင်း၏အလွန်ကိုကြည့်ခြင်းဖြင့် ထိုင်းပို့ကုန်များအပေါ် ရေရှည်သက်ရောက်မှုကိုအလေးထားရမည်ဖြစ်ကြောင်း ၎င်းက သုံးသပ် အကြံပြုထားပါသည်။

အခွန်စတင်ကောက်ခံမည့်အချိန်ကို ဩဂုတ်လ ၁ ရက်နေ့သို့ ရွှေ့ဆိုင်းပေးခြင်းကြောင့် ထိုင်းညှိနှိုင်းရေးအဖွဲ့အနေဖြင့် အမေရိကန်က ပြန်လည်သုံးသပ်နိုင်ရေးအဆိုပြုလွှာများကို ချက်ချင်းပြန်လည်ပြင်ဆင်ပေးပို့သင့်ကြောင်းကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ Mr. Poj Aramwattananont က ဖြည့်စွက်အကြံပြုထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာစက်မှုနယ် ပယ်များနှင့်တွေ့ဆုံ၍ သက်ရောက်မှုကို တွက်ချက်ပြီးနှင့် တန်ပြန်အစီအစဉ်များ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ အခွန်နှုန်းထားရှိသော်လည်း ပို့ကုန်ပုံစံသည် ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ အမေရိကန်ကုန်စည်များအပေါ် အခွန်သုညရာခိုင်နှုန်းထိ လျှော့ချနိုင်ချေအပါအဝင် မဟာဗျူဟာများစွာကို ရှာဖွေနေကြောင်း၊ အဖွဲ့သည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန်ရှိကြောင်း ဝန်ကြီး H.E Mr. Jatuporn Buruspat က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News