ဥရောပ၏အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီအနေဖြင့် စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၆ ခုနှစ်တွင် သိသာစွာမခံစားရမီ အစိုးရသည် စီးပွားရေးတိုးတက်မှုနှောင့်နှေးရပ်တန့်ခြင်းကို ၂၀၂၅ ခုနှစ်ကတည်းက တဖြည်းဖြည်းရှောင်ရှားနိုင်ရန် မျှော်မှန်းထားသည့်အတွက် ယခင်အစိုးရလက်ထက် ဧပြီလတွင် ခန့်မှန်းထားခဲ့သော ၂၀၂၅ ခုနှစ်အတွက် စီးပွား ရေးတိုးတက်မှုနှုန်း(၀)ကို (၀.၂)ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၆ ခုနှစ်အတွက် ခန့်မှန်းချက်ဖြစ်သော (၁)ရာခိုင်နှုန်းကို (၁.၃)ရာခိုင်နှုန်းသို့လည်းကောင်း ၈-၁၀-၂၀၂၅ ရက်တွင် တိုးမြှင့်ခန့်မှန်းခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးစွမ်းဆောင်ရည်ကျုံ့သွားပြီး နှစ်နှစ်ခန့်ကြာပြီးသည့်နောက် ၂၀၂၅ ခုနှစ် ဆောင်းဦးပေါက်တွင် စီးပွားရေးအနည်းငယ်ပြန်လည်နာလန်ထူလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊ ၂၀၂၅ ခုနှစ်အကုန် ၂၀၂၆ ခုနှစ်အစတွင် ဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးအစီ အမံများဖြင့် ပံ့ပိုးပေးထားသော ပြည်တွင်းစီးပွားရေးမှာ သွက်လက်အရှိန်အဟုန်ရလာသင့်ကြောင်းနှင့် ၂၀၂၇ ခုနှစ်အတွက် ဂျာမနီ၏ စီးပွားရေးတိုးတက်မှုနှုန်းကို (၁.၄)ရာခိုင်နှုန်းခန့်မှန်းထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားပါသည်။
ထို့ပြင် လာမည့်နှစ်များတွင် စီးပွားရေးတိုးတက်မှု၏ တစ်စိတ်တစ်ဒေသသည် အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် တိုးမြှင့်ထားသောကာကွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် ပံ့ပိုးထားသော အထူး ရန်ပုံငွေမှရရှိလာမည့် နိုင်ငံတော်ဘဏ္ဍာငွေ၏ရလဒ် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ရေးအတွက် စွမ်းအင်စျေးနှုန်းများလျှော့ချရန်နှင့် အခွန်နှုန်းထားများလျှော့ချရန် လိုအပ်ကြောင်းနှင့် တိကျပြတ်သားသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် သတ္တိရှိရန်လိုအပ်ကြောင်းကို ၈-၁၀-၂၀၂၅ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ စီးပွားရေးဝန်ကြီး Katherina Reiche က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျာမနီ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် စွမ်းအင်စျေးနှုန်းများမြင့်မားမှု၊ နိုင်ငံတကာဈေးကွက်အတွင်း ယှဉ်ပြိုင်ရမှုနှင့် ဥရောပမှ ထုတ်ကုန်များအပေါ် အမေရိကန်၏အခွန်စည်းကြပ်မှုအသစ်များ၏ သက်ရောက်မှု များအောက်တွင် ရုန်းကန်နေရကြောင်း၊ ၈-၁၀-၂၀၂၅ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော တရားဝင်အချက်အလက်များအရ ဩဂုတ်လတွင် စက်မှုထုတ်ကုန်ကဏ္ဍ၌ သိသာစွာကျဆင်းလာကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ၏ ပြိုင်ဆိုင်မှုပြင်းထန်သော မော်တော်ကားထုတ်လုပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။
Source: https://www.dw.com/en/germany-raises-economic-growth-projections/ a-74280173
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)