International News

ယူအေအီးနိုင်ငံ၏ GDP ၆၀ % ကို မိသားစုလုပ်ငန်းများမှ မောင်းနှင်လျက်ရှိပြီး အဓိကပြုပြင်ပြောင်းလဲမှုများကို ဝန်ကြီးဌာနက မီးမောင်းထိုးဖော်ပြခဲ့

Last Updated:

စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏အဆိုအရ မိသားစုလုပ်ငန်းများသည် ယူအေအီးနိုင်ငံ၏ စီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး နိုင်ငံ၏ GDP ၏ ၆၀ % ခန့်ကို ပံ့ပိုးပေးလျက်ရှိကာ အလုပ် အကိုင် ၈၀ % ကို ဖန်တီးပေးနေပြီး ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၏ ၉၀ % နီးပါးကို ကိုယ်စားပြုလျက်ရှိကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနမှ အဓိကမိသားစုပိုင်လုပ်ငန်းခြောက်ခုမှ ကိုယ်စားလှယ်များနှင့် ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည့် အစည်းအဝေးတစ်ခုအတွင်း အဆိုပါကိန်းဂဏန်းများကို မျှဝေခဲ့ပြီး အမျိုးသား GDP ကို ​​AED ၃ ထရီလီယံအထိ နှစ်ဆတိုးစေမည့် “We the UAE 2031” ဆောင်ပုဒ်မြင်ကွင်းကို မြှင့်တင်ရာတွင် ၎င်းတို့၏ အဓိကအခန်းကဏ္ဍကို ထပ်မံအတည်ပြုခဲ့ကြပါသည်။

စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးရာ စည်းမျဉ်းစည်းကမ်းဆိုင်ရာကဏ္ဍမှ လက်ထောက်အတွင်းရေးမှူး Abdulaziz Al-Nuaimi က ယူအေအီးနိုင်ငံသည် မိသားစုလုပ်ငန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်တံ့မှုတို့ကိုလုံခြုံစေရန် ယှဉ်ပြိုင်နိုင်သောဥပဒေပြုရေးမူဘောင်တစ်ခုကို တည်ထောင်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။

၎င်းက ၂၀၂၂ ခုနှစ် ဖက်ဒရယ်အမိန့်ဥပဒေ အမှတ် - ၃၇ မှတစ်ဆင့် အဆိုပါကဏ္ဍအတွက် ရည်မှန်းထားသော ပြီးပြည့်စုံသောဥပဒေကို မိတ်ဆက်သည့် ပထမဆုံးသောနိုင်ငံဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ အဆိုပါဥပဒေတွင် ပေါင်းစည်းထားသော မိသားစုစီးပွားရေးမှတ်ပုံတင်ကို ဖန်တီးခြင်း၊ မိသားစုပဋိဉာဉ်စာတမ်းမူဘောင်ကို မိတ်ဆက်ခြင်း၊ ရှယ်ယာပြန်ဝယ်ယူမှုလုပ်ထုံးလုပ်နည်းများကို ဖော်ပြခြင်းနှင့် ရှယ်ယာအမျိုးအစားများစွာထုတ်ပေးခွင့်ပြုခြင်းစသည့် ဝန်ကြီးဌာန ၏ဆုံးဖြတ်ချက်လေးခုဖြင့် ထောက်ခံထားရှိပါသည်။

ပေါင်းစည်းထားသောမိသားစုစီးပွားရေးမှတ်ပုံတင်ခြင်းမှာ ယခုအခါတွင် အပြည့်အဝလည်ပတ်လျက်ရှိပြီး ကုမ္ပဏီ ၁၈ ခုတို့ဖြင့် မှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။ ၎င်းတွင် မှတ်ပုံတင်ခြင်း၊ လက်မှတ်ထုတ်ပေးခြင်းနှင့် ပဋိဉာဉ်စာတမ်းအပ်နှံခြင်းတို့အပါအဝင် အဓိကဝန်ဆောင်မှုများကို ပေးအပ်ထားရှိပါသည်။

Al-Nuaimi မှ အုပ်ချုပ်မှုကို အားကောင်းစေရန်၊ မျိုးဆက်တစ်ခု၏ အသွင်ကူးပြောင်းမှုကို ချောမွေ့စေရန်နှင့် မိသားစုစီးပွားရေးလုပ်ငန်းများအား စီးပွားရေးကဏ္ဍအသစ်များသို့ တိုးချဲ့ရန်နှင့် အားပေးနိုင်မည့် ယန္တရားများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပါဝင်ကြသူများသည် ကဏ္ဍအတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ အထူးသဖြင့် ဒုတိယမျိုးဆက်ပိုင်ရှင်များအကြား ပဋိပက္ခများကို ဖြေရှင်းနိုင်ခဲ့ပြီး မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်လက်တည်တံ့ခိုင်မြဲမှုနှင့် တည်ငြိမ်မှုကို ကာကွယ်ရန် မိသားစုစီးပွားရေးဥပဒေအရ ပေးအပ်ထားသော ဥပဒေရေးရာ ဖြေရှင်းချက်များကို စူးစမ်း၊ လေ့လာခဲ့ကြကြောင်း သတင်းဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News