ထိုင်းနှင့် စင်ကာပူတို့အကြား ဆန်ကုန်သွယ်မှုအတွက် အစိုးရနှင့်အစိုးရ (G2G)ပထမ သဘောတူညီချက်အောင်မြင်ပြီးနောက် စင်ကာပူနိုင်ငံသို့ အခြားသော လယ်ယာထွက်ကုန်များရောင်းချရန် တိုးမြှင့်ရန် နိုင်ငံအနေဖြင့် စိတ်အားထက်သန်နေကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Thailand keen to up G2G shipments to Singapore” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
ထိုင်းပုဂ္ဂလိကကဏ္ဍသည် စင်ကာပူသို့ ဆန်တင်ပို့နေသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ဆန်အတွက် ပထမဆုံး G2G သဘောတူညီချက်သည် နယ်ပယ်နှစ်ခုတွင် သိသာထင်ရှားသော တိုးတက်မှုဖြစ်ပြီး တရားဝင် G2G ဆန်ကုန်သွယ်မှုကို ထူထောင်ပြီးနောက် နိုင်ငံတကာစားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အကောင် အထည်ဖော်မှုသည် ဆန်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ(MoC)အရ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနနှင့် စင်ကာပူ စားနပ်ရိက္ခာအေဂျင်စီတို့က ကုန်သွယ်မှုလုပ်ငန်းစဉ်များ စီမံခန့်ခွဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း၊ MoC သည် ၅ နှစ် သက်တမ်းရှိပြီး နှစ်နိုင်ငံစလုံးမှ အပြန်အလှန်သဘောတူချက်ဖြင့် သက်တမ်းတိုးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthu-mpun က ပြောကြားခဲ့ပါသည်။
ယင်းသဘောတူညီချက်သည် ဆန်ကုန်သွယ်မှုအပြင် နိုင်ငံတကာယုံကြည်မှုကို ခိုင်မာစေမည်ဖြစ်ကြောင်း၊ ၅ နှစ်အတွင်း ဆန်တန်ချိန် တစ်သိန်းကို စတင်တင်ပို့ရောင်းချရာမှတစ်ဆင့် ဝက်သား၊ ကြက်သား၊ လတ်ဆတ်သောစိုက်ပျိုးရေးထွက်ကုန်များကဲ့သို့ လယ်ယာထွက်ကုန်များပါ ပါဝင်လာနိုင်မည့်အလားအလာဖြစ်ကြောင်း၊ စင်္ကာပူသည် အစား အသောက်တင်သွင်းမှုအပေါ် မှီခိုနေရပြီး ရာသီဥတု၊ ပထဝီဝင်နိုင်ငံရေးနှင့်ကပ်ရောဂါကဲ့သို့သောနယ်ပယ်များတွင် ကမ္ဘာလုံးဆိုင်ရာ မသေချာမှု များကြောင့် နိုင်ငံအများအပြားသည် စားနပ်ရိက္ခာဖူလုံမှုကို ဦးစားပေးလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် ခိုင်မာသော စိုက်ပျိုးရေးကဏ္ဍနှင့်အတူ၊ ၎င်းသည် ၎င်း၏ကုန်သွယ်ဖက်များအတွက် စားနပ်ရိက္ခာတည်ငြိမ်မှုကို မြှင့်တင်ရန် အရေးကြီးသောမိတ်ဖက်ဖြစ်လာနိုင်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုနှစ် ပထမ ၉ လအတွင်း ထိုင်းနိုင်ငံသည် စင်ကာပူသို့ ဆန် ၉၀,၀၃၁ တန်တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ ထိုင်း Hom mali ဆန်သည် စုစုပေါင်းဆန်တင်ပို့မှု၏ ၄၉ ဒသမ ၉ ရာခိုင်နှုန်း၊ နောက်တွင် ဆန်ဖြူ ၂၉ ရာခိုင်နှုန်းနှင့် ထိုင်းရနံ့ပါဆန် ၁၆ ဒသမ ၂ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံသည် စျေးကွက်ဝေစု ၂၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် စင်ကာပူသို့ တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ပြီး အိန္ဒိယမှ ၄၂ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဗီယက်နမ်မှ ၂၈ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အာဆီယံအရှေ့အလယ်ပိုင်း၊ ဥရောပနှင့် မြောက်အမေရိကရှိ နိုင်ငံများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နိုင်ငံအများအပြားသည် ထိုင်းနိုင်ငံ၏ အစားအစာလုံခြုံစိတ်ချရမှုပုံစံကို စိတ်ဝင်စားကြပြီး အထူးသဖြင့် အစား အစာတင်သွင်းမှုအပေါ် မှီခိုနေရသော နိုင်ငံအများအပြားက စိတ်ဝင် စားမှုကို ဖော်ပြကြကြောင်း Ms.Suphajee က ဖြည့်စွက်ပြောကြားခဲ့သည်။
ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်များတွင် တခြားနိုင်ငံများနှင့် စားနပ်ရိက္ခာပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကို ဖန်တီးရန်အတွက် ယင်းပုံစံကို တိုးချဲ့နိုင်ကြောင်း၊ နိုင်ငံများသည် ၎င်းတို့၏ သွင်းကုန်အရင်းအမြစ်နှင့် ပို့ကုန်ဦးတည်ရာများကို ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်ရှိအန္တရာယ် များကို ခုနှိမ်ရန် ပြုပြင်ပြောင်းလဲကြသောကြောင့် ဤမူဝါဒသည် ကုန် သွယ်မှုလွှဲလမ်းကြောင်းနှင့်လည်း ကိုက်ညီပါကြောင်း၊ ထိုင်းနိုင်ငံအနေ ဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် မဟာဗျူဟာမြောက်ရပ်တည်ချက်တစ်ခု ထူထောင်ပြီး ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် ယင်းအခွင့်အရေးကို အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီး Ms. Suphajee က ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)