PTT Global Chemi-cal Plc ၏ဇီဝဓာတုဗေဒဌာနခွဲဖြစ်သော Global Green Chemicals Plc(GGC)သည် ထိုင်းနိုင်ငံ၏ ၂၀၅၀ ခုနှစ် အသား တင်ဓာတ်ငွေ့သုညရည်မှန်းချက်ကိုပံ့ပိုးရန် ရည်ရွယ်သည့်ရှေ့ပြေးစမတ်စားအုန်းဆီစိုက်ပျိုးရေးစီမံကိန်းကို စတင်ရန် Thaicom Plc နှင့် Thailand Green-house Gas Management Organization(TGO)တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “GGC launches partnership for credits from palm oil” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
“ရေရှည်တည်တံ့သောစားအုန်းဆီစိုက်ပျိုးမှုမှ ကာဗွန်ခရက်ဒစ်များဖော်ဆောင်ခြင်း" ဟုအမည်ပေးထားသည့် ကနဦးအစီအစဉ်အတွက် သုံးပွင့် ဆိုင်နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းအစီအစဉ်သည် စိုက်ခင်းများကို စောင့်ကြည့်ရန်နှင့် ကာဗွန်စုပ်ယူမှုကို တိုင်းတာရန် သိပ္ပံနှင့် နည်းပညာကို မည်သို့အသုံးပြုနိုင်သည်ကို လေ့လာမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏စေတနာ့ဝန်ထမ်းဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချ ရေးအစီအစဉ်အောက်တွင် ကာဗွန်ခရက်ဒစ်များမှတ်ပုံတင်ခွင့်ပြုသည့် အချက်အလက်ဖြစ်သင့်ကြောင်း၊ ကာဗွန်ခရက်ဒစ်များသည် ပတ်ဝန်း ကျင်ဆိုင်ရာစီမံကိန်းများမှ ရရှိသော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးကို ကိုယ်စားပြုကြောင်း၊ ယင်းခရက်ဒစ်များကို ၎င်းတို့၏ ထုတ်လွှတ်မှုကို တန်ပြန်ရန် ရှာဖွေနေသော ကုမ္ပဏီများထံ ရောင်းဝယ် ဖောက်ကားနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုမဟာဗျူဟာများတွင် အရေးကြီးသော ကိရိယာတစ်ခုဖြစ်လာစေကြောင်း သိရှိရပါသည်။
ကုမ္ပဏီသည် ကာဗွန်စုပ်ယူမှုကို အကဲဖြတ်ရန်အတွက် မော်ဒယ်တစ်ခုတည်ဆောက်ရန်အတွက် ၎င်း၏ကာဗွန်ခရက်ဒစ်ဒေတာဘေ့စ်ကို အသုံးပြုသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ စားအုန်းဆီလုပ်ငန်းကို ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲရာတွင် ဤပူးပေါင်းဆောင်ရွက်မှုသည် မှတ်တိုင်တစ်ခုအဖြစ် ဖော်ပြခဲ့ကြောင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေးစီမံကိန်းများအတွက် ဗဟိုအေဂျင်စီဖြစ်သော TGO သည် ထိုင်းစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန်သေချာစေပြီး အစိုးရပိုင်နှင့် နိုင်ငံတကာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပါကြောင်း၊ ဤမိတ်ဖက်အဖွဲ့အစည်းသည် GGC အတွက် ၎င်း၏ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် ကာဗွန်စီမံခန့်ခွဲမှုကိုအားကောင်းစေပြီး စီမံကိန်းကို လက်တွေ့အသုံးချမှုများအဖြစ် တိုးချဲ့လုပ်ဆောင်ပါကြောင်း GGC ၏ မန်နေဂျင်းဒါရိုက်တာ Kridsada Prasertsuko က ပြောကြားခဲ့ပါသည်။
အဆိုပါအစီအစဉ်သည် GGC ၏ရေရှည်တည်တံ့သော စားအုန်းဆီထုတ်လုပ်မှုနှင့် ဝယ်ယူမှုကို ပံ့ပိုးပေးသည့် ဂျာမနီ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ GIZ နှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် တွင်လည်း တည်ဆောက်ထားပါကြောင်း၊ GIZ ၏အစီအစဉ်သည် စိုက်ခင်းစီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှုများပေးပြီး လယ်သမားအဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်ရန်ကူညီပေးပါကြောင်း Mr. Kridsada က ဖြည့်စွက်ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့ခိုင်မြဲမှုစံနှုန်းများမြှင့်တင်ရန်အတွက် ဂြိုလ်တုနှင့် အတုထောက်လှမ်းရေးနည်းပညာများကို အသုံးချသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီသည် TGO မှ အသိ အမှတ်ပြုလက်မှတ်ရရှိသည့် ထိုင်းနိုင်ငံတွင် ပထမဆုံး CarbonWatch ပလက် ဖောင်းကို တီထွင်ခဲ့ကြောင်း၊ တောင်သူများပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် GGC သည် ဆီအုန်းစိုက်ပျိုးသည့် ဒေသများအနီးရှိ ပြည်နယ်များရှိ ရပ်ရွာစီးပွားရေးလုပ်ငန်းကွန်ရက် ၆ ခုနှင့် သဘောတူညီချက်များလက်မှတ်ရေးထိုးခဲ့ကြောင်း Thaicom ၏အမှုဆောင်အရာရှိချုပ် Patompob Suwansiri က ဆက်လက်ပြောကြား ပြောကြားခဲ့သည်။
ယင်းနမူနာပုံစံသည် တောင်သူများအကြား ယုံကြည်မှုတည်ဆောက်ရန်နှင့် ကာဗွန်ခရက်ဒစ်ဖွံ့ဖြိုးတိုးတက်မှုသည် ယုံကြည်စိတ်ချရပြီး ထိရောက်မှုရှိစေရန် ကုမ္ပဏီ၏ကတိကဝတ်ကို ပြသနေကြောင်း Mr. Kridsada က ပြောကြားခဲ့သည်။
Source: https://www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)