International News

ထိုင်းဒူးရင်းသီးတင်ပို့မှုသည် ရိတ်သိမ်းရာသီအတွင်း အလုပ်သမားရှားပါးမှုနှင့် စုဆောင်းရေးဌာနများ မရှိခြင်းကြောင့် အခက်အခဲများစွာနှင့် ရင်ဆိုင်ရဖွယ်ရှိ

Last Updated:

ရိတ်သိမ်းရာသီအတွင်း အလုပ်သမားရှားပါးမှုနှင့် စုဆောင်းရေးဌာနများမရှိခြင်းကြောင့် ထိုင်းဒူးရင်းသီးတင်ပို့မှုသည် အခက်အခဲများစွာနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Durian market hit by labour shortages” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ယခုနှစ်တွင် ဒူးရင်းသီးပေးပို့ပေးနိုင်မှုသည် တန်ချိန် ၁.၇၈ သန်းအထိ ရောက်ရှိရန်ခန့်မှန်းထားပြီး အရှေ့ပိုင်းဒေသသည် တန်ချိန် ၁.၀၆ သန်း သို့မဟုတ် စုစုပေါင်းထုတ်လုပ်မှု၏ ၅၉.၅ ရာခိုင်နှုန်းရှိကြောင်း၊  ဧပြီလ၌ စတင်မည့် ရိတ်သိမ်းရာသီတွက် ရာသီဥတု၏ ဆိုးကျိုးမသက်ရောက်ပါက ဒူးရင်းထောက်ပံ့မှုက နှစ်အလိုက် ၁၀ ရာခိုင်နှုန်းတိုးလာမည်ဟု မျှော်လင့်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ဗီယက်နမ်၏ဒူးရင်းထုတ်လုပ်မှုသည် ယခုနှစ်တွင် တန်ချိန် ၂ သန်းအထိရောက်ရှိရန် ဌာနက ခန့်မှန်းထားပါကြောင်း၊ ကျွမ်းကျင်သော ကမ္ဘောဒီးယားလုပ်သားအရေအတွက် ကျဆင်းလာသည်နှင့်အမျှ လယ်ယာလုပ်သားများနှင့် သစ်သီးထုပ်ပိုးသူများ ရှားပါးမှုအပါအဝင် ဒူးရင်းကဏ္ဍအတွက် စိန်ခေါ်မှုများကို မီးမောင်းထိုးပြလိုပါကြောင်း၊  မြန်မာနိုင်ငံမှ အလုပ်သမားများကဏ္ဍသို့ ဝင်ရောက်လာသော်လည်း ၎င်းတို့သည် ကဏ္ဍ၏ သီးခြားလိုအပ်ချက်များကို ဖြည့်ဆည်းရန် လေ့ကျင့်မှုလိုအပ်ကြောင်း ပြည်တွင်း ကုန်သွယ်ရေးဌာန(DIT)၏ညွှန်ကြားရေးမှူးချုပ် Mr. Wittayakorn Maneenetr က ပြောကြားခဲ့သည်။

ထို့အပြင် Basic Yellow 2 ဆိုးဆေးနှင့် ကက်မီယမ်ကဲ့သို့သော ဓာတုအကြွင်းအကျန်များကို တရုတ်အာဏာပိုင်များမှ တင်းကျပ်စွာစစ်ဆေးခြင်းသည် ပို့ကုန်များအတွက် အဟန့်အတားဖြစ်စေပါကြောင်း၊ ညစ်ညမ်းမှု၏ မူလအကြောင်းရင်းများကို စစ်ဆေးဖော်ထုတ်ရန် တရုတ်အာဏာပိုင်များနှင့်ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်နေပါကြောင်း၊ အရှေ့ပိုင်းဒေသတွင် ဒူးရင်းထောက်ပံ့မှုသည် မတ်လမှ ဇွန်လအထိ အမြင့်ဆုံးရောက်ရှိမည်ဟု ဌာနက ခန့်မှန်းထားပြီး တောင်ပိုင်းနှင့်အခြား ဒေသများတွင် ထောက်ပံ့မှုသည် ဇွန်လနှင့် သြဂုတ်လကြားတွင် စတင်ဖွယ်ရှိကြောင်း၊အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ဒူးရင်းထောက်ပံ့မှုသည် ဇွန်လတွင်ထပ်တူကျနိုင်ပါကြောင်း၊ ထပ်နေသောကာလအတွင်း ကြားခံအဖြစ်ဆောင်ရွက်ပေးသော စုဆောင်းရေးစင်တာများပြတ်လပ်မှုနှင့် အမြင့်ဆုံးရိတ်သိမ်းရာသီတွင် ကွန်တိန်နာပြတ်လပ်မှုခန့်မှန်းချက် သည် နောက်ထပ်အတားအဆီးတစ်ခုဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုထားပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် အဓိကလမ်းကြောင်းနှစ်ခုရှိရာ ပထမလမ်းကြောင်းသည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနယ်စပ်မှစတင်၍ လာအိုနှင့် ဗီယက်နမ်နိုင်ငံများကိုဖြတ်သန်းကာ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ပြီး ဒုတိယလမ်းကြောင်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်မှစတင်ပြီး လာအို သို့မဟုတ် မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရောက်ရှိမည်ဖြစ်ပြီး၎င်းတွင် R3A လမ်းကြောင်းပါဝင်ပါကြောင်း၊  ချင်းရိုင်းပြည်နယ်၊ချင်းကောင်းမှ လာအိုနိုင်ငံ၊ ဘိုတန်စစ်ဆေးရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းသို့ R3A လမ်းကြောင်းတစ်လျှောက် တင်ပို့မှုများကို လွယ်ကူချောမွေ့စေရန် လိုအပ်ကြောင်း၊ ဤလမ်းကြောင်းသည် အနောက်ပိုင်းနှင့် အလယ်ပိုင်းအပါအဝင် ပိုမိုကျယ်ပြန့်သော တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည်ဖြစ်ပြီး ချန်ဒူးသည် ထိုင်းထုတ်ကုန်များအတွက် ဖြန့်ဖြူးရေးဗဟိုချက်အဖြစ် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း၊ R3A ကိုအသုံးပြုခြင်းသည် အကွာအဝေးတိုတောင်းသောကြောင့် ဗီယက်နမ်မှတစ်ဆင့်တင်ပို့မှုထက် ထောက်ပံ့ပို့ဆောင်ရေးအားသာချက်ကို ပေးစွမ်း နိုင်ကြောင်း DIT က မှတ်ချက်ပြုခဲ့ထားပါသည်။

အိန္ဒိယခရီးသွားများကြားတွင် ထိုင်းဒူးရင်းသီးအကြောင်း အသိပညာပေးခြင်းဖြင့် အိန္ဒိယဈေးကွက်ကို ထိတွေ့ရန်လည်း ဌာနက ကြိုးပမ်းနေကြောင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အအေးခံနှင့် အေးခဲထားသော ဒူးရင်းသီးများကို ဈေးကွက်တွင် စမ်းသပ်စစ်ဆေးမှုတွင် အပြုသဘောဆောင်သော တုံ့ပြန်ချက်များရရှိခဲ့ပြီး ထိုဒေသတွင် တိုးပွားလာနေသော ဝယ်လိုအားကို ညွှန်ပြနေကြောင်း၊ ပြည်တွင်းစားသုံးမှုမြှင့်တင်ရန်အတွက် ဌာနသည် ထိုင်းဒူးရင်းသီးကို ထိုင်းစားသုံးသူများနှင့် အိန္ဒိယ၊ ရုရှားနှင့် တောင်ကိုရီးယားအပါအဝင် နိုင်ငံခြားဧည့်သည်များထံ မြှင့်တင်ရန်စီစဉ်ထားကြောင်း၊ DIT သည် စူပါမားကတ်များနှင့်ပူးပေါင်း၍ ပရိုမိုးရှင်းလှုပ်ရှားမှုများနှင့်ထုတ်ကုန်အရသာခံခြင်းများကိုစီစဉ်ပြီး စားသုံး သူများ ဒူးရင်းသီးများကို မြည်းစမ်းနိုင်စေရန်ဖြစ်ကြောင်း၊ ထို့အပြင် ဌာနသည် ဒေသခံစားသုံးမှုကို အားပေးရန်အတွက် ရွေ့လျားကုန်စုံဆိုင်များမှတစ်ဆင့် ရွာငယ်များတွင် ဒူးရင်းနှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များကို မြှင့်တင်ပေးနေပါကြောင်း Mr. Wittayakorn က ပြောကြားခဲ့သည်။

Source: https://www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News