အိန္ဒိယနိုင်ငံနှင့် ရုရှားဦးဆောင်သော Eurasian Economic Union (EAEU)အကြား အဆိုပြုထားသည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)အတွက် ဒုတိယအကြိမ်ဆွေးနွေးပွဲကို ယခုဇွန်လကုန်ပိုင်းတွင် မော်စကိုမြို့၌ ကျင်းပမည်ဖြစ်ရာ အိန္ဒိယသည် ရေထွက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် အစားအစာပြုပြင်ထုတ်ကုန်များတင်ပို့ရာတွင် ပိုမိုလွယ်ကူစေရန်ရည်ရွယ်သော စံချိန်စံညွှန်းနှင့်အသိအမှတ်ပြုလက်မှတ်ဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးဖွယ်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
EAEU အဖွဲ့ဝင်နိုင်ငံများမှာ ရုရှား၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်နှင့် ကာဂျစ် စတန်တို့ဖြစ်ကြသည်။
အဓိကထားဆွေးနွေးမည့်အချက်မှာ - အပင်နှင့် အပင်ပိုးမွှားကာကွယ် ရေးဆိုင်ရာ စံချိန်စံညွှန်းများ(Sanitary and Phytosanitary – SPS)နှင့် ကုန်သွယ်မှုနည်းပညာဆိုင်ရာ အတားအဆီးများ (Technical Barriers to Trade – TBT)ကို ပိုမိုလွယ်ကူစေရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ယင်းတို့သည် အကောက်ခွန်မဟုတ်သောအတားအဆီးမျာ(Non-Tariff Barriers)အဖြစ် လုပ်ဆောင်လျက်ရှိကြောင်း ထည့်လောင်းပြောကြားခဲ့သည်။
SPS စည်းမျဉ်းများသည် လူ၊ အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးကို ကာကွယ်ရန်ရေးဆွဲထားသော စည်းကမ်းချက်များဖြစ်ပြီး TBT တွင် ကုန်ပစ္စည်းစံချိန်စံညွှန်းများ၊ ကုန်ပစ္စည်းတံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ၊ ထုပ်ပိုးမှုစည်းမျဉ်းများ၊ အရည်အသွေးအသိအမှတ် ပြုလက်မှတ်များနှင့် စမ်းသပ်စစ်ဆေးမှုလုပ်ထုံးလုပ်နည်းများပါဝင်သည်။
လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)အတွက် ဆွေးနွေးမှုများ၏ Terms of Reference – ToR ကို ၂၀၂၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ပထမအကြိမ်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် ဒုတိယအကြိမ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)ဆွေးနွေးပွဲအတွက် ယခုဇွန်လကုန်ပိုင်းတွင် မော်စကိုသို့ သွားရောက်မည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။
Source: FTA talks with EAEU likely to take up agri, marine goods: The Economic Times: June 08, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)