International News

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောင်းဖူးတင်သွင်းမှုတိုးမြှင့်ရန်မျှော်မှန်း

Last Updated:

စိုက်ပျိုးရေးဝန်ကြီးဌာနသည် သွင်းအားစုစရိတ်မြင့်မားလာခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ထုတ်လုပ်မှုကျဆင်းနိုင်ခြေရှိနေစဉ်အတွင်း အခွန်နှုန်းထားလျှော့ချပြီး ပြောင်းတင်သွင်းမှုပမာဏကို တိုးမြှင့်ရန်ဆောင်ရွက်နေကြောင်း၊ ပြောင်းအတွက် အနည်းဆုံးတင်သွင်းခွင့်ပြုမည့်ပမာဏ(MAV)ကို မက်ထရစ်တန်ချိန် ၅၀၀,၀၀၀ အထိတိုးမြှင့်ရန် အဆိုပြုချက်ကို MAV စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ပြောကြားခဲ့သည်။ အဆိုပါအဆိုပြုချက်ကို ပြောင်း၊ မွေးမြူရေးနှင့် ကြက်/ငှက်မွေးမြူရေးကဏ္ဍများမှ အကျိုးစီးပွားဆက်စပ်ပတ်သက်သူများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ရေးဆွဲခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် ရာသီဥတုအခြေအနေများကြောင့်ဖြစ်ပေါ် လာနိုင်သည့် ပြောင်းရိက္ခာပြတ်လတ်မှုကို ကာကွယ်ရန်အတွက် ပြောင်း MAV(အနည်းဆုံးတင်သွင်းခွင့်ပြုမည့်ပမာဏ)ကို တိုးမြှင့်သွားရန် စိုက်ပျိုးရေးဝန်ကြီးက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပြုချက်အရ MAV ပမာဏသည် လက်ရှိတန်ချိန် ၂ သိန်းကျော်မှ နှစ်ဆကျော်အထိ တိုးမြှင့်မည်ဖြစ်ပြီး သတ်မှတ်ထားသည့်ပမာဏအတွင်း တင်သွင်းပါက အခွန် ၅ ရာခိုင်နှုန်းသာကောက်ခံမည်ဖြစ်ပြီး သတ်မှတ်ထားသည့်ပမာဏထက် ကျော်လွန်၍ တင်သွင်းလာသော ကုန်စည်များကိုမူ အခွန် ၁၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအတွက်အလွန်အရေးပါသော ဟော်မုဇ်ရေလက် ကြားအနီးရှိ စွမ်းအင်စျေးကွက်များနှင့် သင်္ဘောတင်ပို့မှုလမ်းကြောင်းများတွင် မရေရာမှုများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် သယ်ယူ ပို့ဆောင်ခနှင့် ဓာတ်မြေဩဇာစျေးနှုန်းများမြင့်တက်လာပြီး စိုက်ပျိုးရေးစရိတ်ပိုမိုကြီးမြင့်လာကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ပြောင်းမရိတ် သိမ်းမီကပင် ရိက္ခာပြတ်လတ်နိုင်သည့် စိုးရိမ်မှုများရှိလာသဖြင့် ပြောင်း MAV ကိုတာတိုးမြှင့်ရန် အကြံပြုခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်နှောင်းပိုင်းတွင် ပိုမိုပြင်းထန်လာနိုင်သည့် အယ်လ်နီညိုရာသီဥတု၊ မြင့်မားသော ဓာတ်မြေဩဇာစရိတ်နှင့် စိုက်ပျိုးမှုလျော့နည်းလာခြင်းတို့ကြောင့် ပြောင်းအထွက်နှုန်းထိခိုက်နိုင်ကြောင်း လုပ်ငန်းအဖွဲ့များက သတိပေးထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။

ယခုအစီအစဉ်သည် ပြည်တွင်းတောင်သူများကို မထိခိုက်စေဘဲ အမှန်တကယ်လိုအပ်မှသာ တင်သွင်းခွင့်ပြုမည့် “အရေးပေါ်တုံ့ပြန်မှုအစီ အစဉ်”မျှသာဖြစ်ကြောင်း၊ပြောင်းဖူးဝါသည် မွေးမြူရေးတိရစ္ဆာန်အစာ၏ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး တိရစ္ဆာန်အစာစျေးတက်ပါက ကြက်သား၊ ကြက်ဥနှင့် ဝက်သားစျေးနှုန်းများပါ လိုက်လံမြင့်တက်နိုင်ကြောင်း၊ တိရစ္ဆာန်အစာစရိတ်ကို တည်ငြိမ်အောင်ထိန်းညှိခြင်းဖြင့် ပြည်သူများအပေါ် သက်ရောက်မည့် စားသောက်ကုန်ဈေးနှုန်းဖိအားကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

Source: https://businessmirror.com.ph/2026/06/15/da-eyes-hike-in-corn-imports/

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News