ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းနှင့် ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Poj Aramwattananont သည် မေလ ၁၀ ရက်(ဗုဒ္ဓဟူးနေ့) က အစိုးရအိမ်တော်၌ ဝန်ကြီးချုပ် Mr. Anutin Charnvirakul နှင့်အစိုးရစီးပွားရေးအေဂျင်စီများနှင့်တွေ့ဆုံကာ ယခုနှစ်အတွင်း ပထဝီနိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် အထိခိုက်ဆုံးဖြစ်နေရသည့် အခြေခံစီးပွားရေးနှင့် SMEs လုပ်ငန်းများရုန်းထနိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ပုဂ္ဂလိကကဏ္ဍမှနေ၍ ထိုင်းစီးပွားရေးကို လာမည့် ၁ နှစ်မှ ၂ နှစ်အတွင်း လက်တွေ့ကျကျ လျင်မြန်စွာပြန်လည်ဦးမော့လာစေမည့် အရေးပေါ်အစီအမံ ၁၀ ချက်ကို အစိုးရထံ တရားဝင်တင်ပြတောင်းဆိုခဲ့သည်။
အရေးပေါ်အဆိုပြုချက် ၁၀ ချက် အကျဉ်းချုပ်:
(က) ဝယ်လိုအားနှင့် ပြည်တွင်းစားသုံးမှုလှုံ့ဆော်ရန်: ယခင်အောင်မြင်ခဲ့သည့်အစီအစဉ်များကိုအခြေခံကာ "Let's Go Halves Plus"(တစ်ဝက်စီကျခံစို့ ပလပ်စ်)စီမံကိန်းကို ထပ်မံဖော်ဆောင်ပြီး၊ ခရီးသွားလာမှုနည်းပါးသည့် ရာသီ(Low Season)အတွင်း နယ်မြို့ များနှင့် နယ်စပ်ဒေသများရှိ အခြေခံလူတန်းစားစီးပွားရေး(Grassroots Economy) ထံသို့ ငွေကြေးများတိုက်ရိုက်စီးဆင်းသွားစေရန်။ နိုင်ငံတော်လူမှုဖူလုံ ရေးကတ်များမှတစ်ဆင့်လည်း ထိရောက်စွာပံ့ပိုးရန်။
(ခ) စွမ်းအင်စရိတ်နှင့် လူနေမှုစရိတ်လျှော့ချရန်: စီးပွားရေးကဏ္ဍ၏ ၇၉.၂% ကိုဖိစီးနေသည့် စက်သုံးဆီ၊ လျှပ်စစ်နှင့် ဟင်းချက်ဂတ်စ်ဈေးနှုန်းများကို အမြန်ဆုံးလျှော့ချပေးရန်။ ရေနံဈေးနှုန်းကို ကမ္ဘာ့ဈေးကွက်တစ်ခုတည်းအပေါ်မမူတည်ဘဲ ပြည်တွင်းလက်တွေ့ကုန်ကျ စရိတ်အတိုင်း ပြန်လည်ဖွဲ့စည်းရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးမတရားမတက်စေရန် တင်းကျပ်စွာ ထိန်းချုပ်ရန်။
(ဂ) SMEs များ၏ငွေဖြစ်လွယ်မှု(Liquidity)ကို ကူညီရန်: ကိုဗစ်ဒဏ်ကြောင့်အကြွေးမဆပ်နိုင်တော့သည့် NPL စာရင်းဝင်သွားသည့် လုပ်ငန်း များအပါအဝင် အခြေခံကျသည့် SMEs လုပ်ငန်းများ ဘဏ္ဍာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် ၎င်းတို့၏ လက်ရှိစီးပွားရေးအလားအလာနှင့် ငွေသားစီးဆင်းမှု(Cash Flow)ကိုသာ အဓိကကြည့်၍ အတိုးနှုန်းသက်သာသော ရေရှည်ချေးငွေများ(Soft Loans)အမြန်ဆုံးထုတ်ချေးပေးရန်။
(ဃ) အိမ်ထောင်စုကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ဖြေရှင်းရန်: ဝင်ငွေနည်းနှင့် ဝင်ငွေလတ်တန်းစားများ၏ အိမ်ထောင်စုကြွေးမြီများကို စနစ်တကျပြန်လည်ဖွဲ့စည်းခြင်း(Debt Restructuring)၊ အကြွေးဆပ်ခွင့်ကာလခေတ္တဆိုင်းငံ့ပေးခြင်း(Debt Moratoriums)နှင့် ချေးငွေအတိုးနှုန်း များလျှော့ချပေးခြင်းတို့ဖြင့် ပြည်တွင်းစားသုံးမှုကို ပြန်လည်တွန်းအားပေးရန်။
(င) ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန်: ပြည်ပမှ ဈေးပေါသော ကုန်ပစ္စည်းများ မတရားသဖြင့် အလုံးအရင်းဝင်ရောက်လာခြင်း (Dumping)ကို တားဆီးမည့်မူဝါဒများကို အဆင့်မြှင့်တင်ရန်နှင့်"ထိုင်းအချင်းချင်းကူညီစို့"ပေါ်လစီအရ ပြည်တွင်းဖြစ်ကုန်စည်နှင့် ဝန်ဆောင် မှုများကိုသာ ဦးစားပေး သုံးစွဲကြရန်။
(စ) ပြည်ပပို့ကုန်နှင့် နိုင်ငံတကာကုန်သွယ်မှုကို မြှင့်တင်ရန်: ဈေးကွက် သစ်များရှာဖွေခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ်သက်သာစေရန် ပြည်ပမှတင်သွင်းရသည့် ကုန်ကြမ်းများအပေါ် အကောက်ခွန်လျှော့ချပေးခြင်းနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ(FTAs)ကို မျှတမှုရှိစေရန် ပြန်လည်သုံးသပ်ရန်။
(ဆ) စိုက်ပျိုးရေးကဏ္ဍနှင့် တောင်သူလယ်သမား ဝင်ငွေမြှင့်တင်ရန်:လူဦးရေ သန်း ၃၀ ကျော်မှီခိုနေသည့် စိုက်ပျိုးရေးကဏ္ဍအတွက် ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကို အခြေခံသည့် "ဈေးကွက်ဦးဆောင်ကုန် ထုတ်လုပ်မှုစနစ်(Market-Led Production)"ကိုကျင့်သုံးရန်။ ဓာတ်မြေ ဩဇာနှင့် စိုက်ပျိုးရေးဓာတုဆေးဝါးစရိတ်များ လျှော့ချပေးရန်။
(ဇ) ခရီးသွားလာရေးနှင့် ဝန်ဆောင်မှုကဏ္ဍတိုးမြှင့်ရန်: လေဆိပ်များတွင် လူဦးရေကျပ်ညပ်မှုကိုလျှော့ချရန် အခြေခံအဆောက်အအုံများအဆင့်မြှင့်တင်ရန်နှင့် ကမ္ဘာလှည့်ခရီးသွားများယုံကြည်မှုတိုးစေရန် လေထုညစ်ညမ်းမှု(PM2.5)ပြဿနာကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းရန်။
(ဈ) နိုင်ငံ့ဝန်ထမ်းယန္တရားပြုပြင်ပြောင်းလဲပြီး စီမံအုပ်ချုပ်မှုအဆင့်မြှင့်ရန်: အဂတိလိုက်စားမှုများကို ပြတ်ပြတ်သားသားအရေးယူရန်။ စီးပွား ရေးလုပ်ကိုင်ရလွယ်ကူစေရန်(Ease of Doing Business)အတွက် ကြီးကြပ်ရေးဌာနအသီးသီးရှိ ထပ်နေသောစည်းမျဉ်းများကို ပယ်ဖျက်ပြီး ဒီဂျစ်တယ်စနစ်သုံး၍ လုပ်ငန်းခွင့်ပြုချက်/လိုင်စင်လျှောက်ထားမှု လုပ်ထုံးလုပ်နည်းများကို မြန်ဆန်အောင် ပြုပြင်ရန်။
(ည) နယ်စပ်ဒေသနှင့် ဒေသတွင်းစီးပွားရေးကို ဖွံ့ဖြိုးစေရန်: မရေမရာမှုများရှိနေသည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကဲ့သို့သော ဒေသများတွင် စီးပွားရေးပြန်လည်ဦးမော့လာစေရန် အထူးပံ့ပိုးပေးပြီး၊ ဒေသအလိုက် အားသာချက်များအတိုင်း ရင်းနှီးမြှုပ်နှံမှုများ ခွဲဝေပေးရန်။
လုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရန် JPPCC ကို ပြင်ဆင်ဖွဲ့စည်းခြင်း:
(က) ပုဂ္ဂလိကကဏ္ဍသည် စီးပွားရေးပြဿနာများကို လျင်မြန်စွာဖြေရှင်းနိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိကပူးတွဲကော်မတီ(JPPCC)ကို ပိုမိုကျစ်လျစ်သွက်လက်သော အဖွဲ့ငယ်အဖြစ် အမြန်ဆုံးပြင်ဆင်ဖွဲ့စည်းရန် ဝန်ကြီးချုပ်ထံ အဆိုပြုခဲ့သည်။
(ခ) ယင်းကော်မတီအောက်တွင် အဓိကကဏ္ဍကြီး ၈ ခုဖြစ်သည့် - စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ထောက်ပံ့ပို့ဆောင်ရေး(Logistics)၊ ပညာရေး၊ လုပ်သားကဏ္ဍနှင့် ဉာဏ်ရည်တုနည်းပညာ(AI)ဟူ၍ ဆပ်ကော်မတီ ၈ ခုခွဲခြားကာ ပြဿနာ များကို တိုက်ရိုက်ထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်သည်။
လုပ်သားအကျပ်အတည်းနှင့် အမေရိကန်ကုန်သွယ်ရေးအတားအဆီးဖြေရှင်းမှု:
(က) ရွှေ့ပြောင်းလုပ်သား MOU သက်တမ်းတိုးရန်: ပြည်တွင်းရှိ စက်ရုံများနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ဆိုးရွားစွာရင်ဆိုင်နေရသည့် လုပ်သားပြတ်လပ်မှုပြဿနာကို ဖြေရှင်းရန်အတွက် ကမ္ဘောဒီးယားနှင့် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံခြားသား ၄ နိုင်ငံမှ တရားဝင်ရွှေ့ပြောင်းလုပ်သား များ၏ MOU စာချုပ်များကို အစိုးရဌာနများအနေဖြင့် အမြန်ဆုံး သက်တမ်းတိုးပေးရန် တောင်းဆိုထားသည်။
(ခ) အမေရိကန် Section 301 အရေးကိစ္စ: အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးစည်းမျဉ်း Section 301 နှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင် အဓမ္မလုပ်အားပေးခိုင်းစေမှု(Forced Labour) သို့မဟုတ် လူကုန်ကူးမှုပြဿနာများလုံးဝမရှိကြောင်း ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရကိုယ်စားလှယ် များပူးပေါင်း၍ အမေရိကန်အစိုးရထံ တိုက်ရိုက်ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။
ထိုင်းကုန်သည်ကြီးများအသင်းအနေဖြင့် အစိုးရက ယခုတင်ပြထားသည့် အရေးပေါ်စီမံချက် ၁၀ ချက်ကို လက်တွေ့ကျကျအကောင် အထည်ဖော်ပေးမည်ဆိုပါက ရေတိုတွင် ကမ္ဘာ့အကျပ် အတည်းဒဏ်ကို သက်သာစေမည့်အပြင်၊ ရေရှည်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။
ကိုးကား။ The Nation Thailand
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)