ထိုင်းနိုင်ငံအတွင်း small modular reactors(SMRs)ကို တပ်ဆင်ရန်အဆိုပြုလွှာသည် ရုပ်ကြွင်းလောင်စာပေါ်မှီခိုမှုကိုလျှော့ချရန် အစိုးရ၏အစီအစဉ်ကို အထောက် အကူဖြစ်စေပြီး တည်ငြိမ်သောစွမ်းအင်ရရှိမည့် နည်းပညာအသုံးပြုမှုတစ်ခုဖြစ် ကြောင်း သိရှိရပါသည်။
ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်(Egat)၏ စွမ်းအင်ထုတ်လုပ်သည့် လက်ခွဲဖြစ်သည့် Ratch Group၊ PTT Plc ၏လက်ခွဲဖြစ်သော Global Power Synergy Plc နှင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းဖြစ်သည့် Saha Pathanapibul International Plc တို့သည် SMR အတွက် အဓိကပံ့ပိုးပေးသူများဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်ကို စိတ်ဝင်စားလာမှုသည် စွမ်းအင်စက်ရုံများမှ ရုပ်ကြွင်းလောင်စာလောင်ကျွမ်းမှုမှထုတ်လွှတ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလျှော့ချလိုသည့် အစိုးရ၏အစီအစဉ်နှင့်ကိုက်ညီပါကြောင်း၊ စွမ်းအင်လိုလားချက်မြင့်တက်လာခြင်းနှင့် ကာဗွန်လျှော့ချရေးရည်မှန်းချက်အပေါ် လေ့လာဆန်းစစ်ချက်ကို Global Power Synergy က ဆောင်ရွက်လျက်ရှိကြောင်း၊ SMR နည်းပညာနှင့်ပတ်သက်၍ ဆွေးနွေးပွဲတစ်ခုကို ကျင်းပသွားရန်ရှိကြောင်း၊ SMR ဆိုသည်မှာ နျူကလီးယားစွမ်းအင်တစ်မျိုးဖြစ်ပြီး ၁ ယူနစ်လျှင် ၃၀၀ မီဂါဝဒ်ထိစွမ်းရည်ရှိကြောင်း သိရှိရပါ သည်။
စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အကောင်အထည်မဖော်မီ အသုံးမချမီ ပြည်သူ များကို SMR နှင့်ပတ်သက်၍ ပညာပေးလိုကြောင်း၊ အကောင်အထည်ဖော်မည့်ကာလမှာ ၂၀၂၄ ခုနှစ်မှ ၂၀၃၇ ခုနှစ်အထိဖြစ်ရာ SMR တစ်လုံးစီမှ ၃၀၀ မီဂါဝဒ်ဖြင့် SMR ၂ လုံးကို ဆောက်လုပ်သွားမည်ဖြစ်ပြီး Egat မှ ကိုင်တွယ်သွားမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံသည် ၁၉၇၀ ပြည့်နှစ်မှစ၍ နျူကလီးယားစွမ်းအင်နည်းပညာကိုလက်ခံခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်အစောပိုင်း ထိုင်းပင်လယ်ကွေ့တွင် သဘာ ဝဓာတ်ငွေ့ရှာဖွေတွေ့ရှိခဲ့မှုကြောင့် အဆိုပါအစီအစဉ်သည် ပျက်ပြယ်သွားခဲ့ပါကြောင်း၊ ၂,၀၀၀ မီဂါဝဒ်ထိ ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိသည့် နျူကလီးယားစွမ်းအင်စီမံချက်ကို ၂၀၂၀ ပြည့်နှစ် သို့မဟုတ် ၂၀၂၁ ခုနှစ်တွင် လည်ပတ်ရန် ၂၀၁၀ ပြည့်နှစ် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွင် နျူကလီးယားစွမ်းအင် ထည့်သွင်းခဲ့သော်လည်း ဂျပန်ဖူကူရှီးမားတွင် ဆူနာမီကြောင့် နျူကလီးယားရီအက်တာပြိုကျခဲ့ရာ ၂၀၁၁ အစီအစဉ်တွင် ဖယ်ထုတ်ခဲ့ကြောင်း သိရှိရပါသည်။
SMR သည် ပိုမိုစိတ်ချရပြီး သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုကိုက်ညီစွာ ဒီဇိုင်းရေးဆွဲထားသည်ဟု နျူကလီးယားစွမ်းအင်ပညာရှင်များက ပြောကြားခဲ့ကြောင်း၊ SMR သည် အပူကိုဖယ်ရှားရန် သဘာဝလည်ပတ်မှုနှင့် ဆွဲငင်အားစနစ်ကို အသုံးပြုပါကြောင်း၊ ယင်းသည် SMR ကို သမာရိုးကျနျူကလီးယားစွမ်းအင်စက်ရုံများတွင် အသုံးပြုသည့် စွမ်းအင်သုံးအအေးစနစ်ကြောင့်ဖြစ်စေနိုင်သော ဓာတ်အားပြတ်တောက်ခြင်းကို မဖြစ်စေပါကြောင်း၊အချို့သော SMR များသည် ပြန်လည်ပြုပြင်ပြီး သုံးစွဲထားသော နျူကလီးယားလောင်စာဆီမှ လောင်စာများကို အသုံးပြုရန်တီထွင်နေသောကြောင့် နျူကလီးယားစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို သက်သာစေကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)
 
                     
                         
                        