ထိုင်းကုန်စည်များအပေါ် အခွန် ၃၆ ရာခိုင်နှုန်းကောက်ခံမည့် အမေရိကန်၏အဆိုပြုချက်သည် ထိုင်းပို့ကုန်ယှဉ်ပြိုင်နိုင်မှုကို ဆိုးရွားစွာကျဆင်းစေမည်ဖြစ်ကြောင်း ထိုင်းဘဏ်အဖွဲ့အစည်းများမှ စီးပွားရေးပညာရှင်များက သတိပေးပြောကြားခဲ့သည်။
အမေရိကန်နှင့်ညှိနှိုင်းမှုတွင် အကောင်းဆုံးရလဒ်သည် အခွန်နှုန်းထားကို ဗီယက်နမ်ကိုပေးခဲ့သည့် နှုန်းထားနှင့်တူညီသော ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းဖြစ်သင့်ကြောင်း၊ အဆိုပြုထားသည့် ၃၆ ရာခိုင်နှုန်းကဲ့သို့အပြီး သတ်နှုန်းထားသည်မြင့်မားနေပါက ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် ပြင်းထန်စွာဆိုးကျိုးဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင်လည်း ယှဉ်ပြိုင်ရန် အလွန်အမင်းခက်ခဲသွားမည်ဖြစ်ကြောင်း၊ ဖိအားအများဆုံးစိုးရိမ်မှုမှာ ဗီယက်နမ်သည် အခွန် ၂၀ ရာခိုင်နှုန်းဖြင့် သေချာနေခဲ့ပြီဖြစ် ကြောင်း၊ ထိုင်းနိုင်ငံသည် အခွန်သိသိသာသာမြင့်မားနေပါက နိုင်ငံခြားကုမ္ပဏီများသည် ဗီယက်နမ်သို့ ပြောင်းရွှေ့သွားနိုင်ရာ ထိုင်းနိုင်ငံစီးပွား ရေးကို ရေရှည်တွင် ပျက်စီးစေမည်ဖြစ်ကြောင်း ဗန်ကောက်ဘဏ် ဒုတိယဥက္ကဋ္ဌ Mr. Kobak Pootrakool က သုံးသပ်ပြောကြားခဲ့သည်။
အမေရိကန်သည် ထိုင်းပို့ကုန်၏ ၁၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အခွန်နှုန်းထား ၃၆ ရာခိုင်နှုန်းဖြစ်ပါက အမေရိကန်သို့ ပို့ကုန်သည် ၁၀ ရာခိုင် နှုန်းကျဆင်းသွားနိုင်ရာ နှစ်နိုင်ငံကုန်သွယ်ရေး ဆက်သွယ်ဆောင်ရွက်မှုသည် ရေရှည်တွင်အားနည်းသွားနိုင်ကြောင်း၊ အစိုးရအနေဖြင့် ပို့ကုန်ဈေးကွက်အသစ်များသို့ ပြောင်းလဲတိုးချဲ့သင့်ပြီး သက်ရောက်မှုကို သက်သာစေရန် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပို့ကုန်ချေးငွေများထောက်ခံပေးသင့်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အများဆုံးတင်သွင်းနေရသည့် ပဲပုပ်ကဲ့သို့သောသီးနှံအချို့အတွက် အခွန်သည် ပယ်ဖျက်နိုင်ကြောင်း၊ သို့သော် အခြားသောစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များအတွက် ပြည်တွင်းထုတ်လုပ်သူများကို ထောက်ပံ့ပေးရန် အထူးကာလများ သို့မဟုတ် ဘတ်ဂျက်ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက အကြံပြုထားပါသည်။
စီးပွားရေးနှေးကွေးနေသော်လည်း ဘတ်ငွေအခိုင်မာဆုံးဖြစ်နေသည်မှာ ၂ နှစ်၊ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အမေရိကန်အခွန်၏သက်ရောက်မှုကို လျော့ပါးစေရန် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ တရုတ်နှင့် အရှေ့တောင်အာရှသို့ ခွဲထွက်စေလိုကြောင်း၊ အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ထိုင်းချေးငွေအာမခံကော်ပိုရေးရှင်းမှတစ်ဆင့် ပို့ကုန်ချေးငွေများ အာမခံပေးစေလိုကြောင်း Mr. Kobak က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအစိုးရအနေဖြင့် အနိုင်ရလဒ်ကို ရည်ရွယ်နေခြင်းထက် အပေး အယူညှိနှိုင်းမှုဗျူဟာကိုလည်း လက်ခံကျင့်သုံးသင့်ကြောင်း၊အမေရိကန် -ဗီယက်နမ်စေ့စပ်ဆွေးနွေးမှုကိုကိုးကား၍ ထိုင်းနိုင်ငံသည် ၎င်း၏ဈေး ကွက်ကိုထပ်မံဖွင့်လှစ်ရန်၊ အမေရိကန်ထုတ်ကုန်များအတွက် သွင်းကုန်အခွန် လျှော့ချရန်၊ အကောက်ခွန်မဲ့အတားအဆီးများကို ဖယ်ရှားရန်နှင့် လိမ်လည်သောမူရင်းတံဆိပ်ကပ်ခြင်းတို့ကိုဖြေရှင်းရန် အမေရိကန်အနေဖြင့် မျှော်လင့်နိုင်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဲ့သို့သောထိလွယ်ရှလွယ်ဖြစ်သည့်ကဏ္ဍများကို တဖြည်းဖြည်းဖြေလျှော့သင့်ကြောင်း၊ စိုက်ပျိုးရေးသည် ထိုင်းနိုင်ငံစီးပွားရေးအတွက် မဏ္ဍိုင်ဖြစ်ပြီး လူဦးရေအများစု၏အလုပ်လုပ်ကိုင်ရာနေရာဖြစ်နေသော်လည်း ရေတိုအကျိုးသက်ရောက်မှုကိုလျော့ပါးစေရန် အစိုးရအနေဖြင့် အစီအမံများဆောင်ရွက်နိုင်ကြောင်း Kiatnakin Phatra Financial Group စီးပွားရေးပညာရှင်ချုပ် Mr. Pipat Luengnaruemitcha က အကြံပြုပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ၎င်း၏ ယှဉ်ပြိုင်မှုကို ခိုင်မာစေရန် တန်ဖိုးမြင့်ပြီး နည်းပညာမြင့်မားသော ရင်းနှီးမြှုပ်နှံမှုများကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် မှုအထောက်အပံ့နှင့် လျှပ်စစ်သုံးယာဉ်အစိတ်အပိုင်းထုတ်လုပ်ခြင်း၊ ဉာဏ်ရည်တု Hardware ထုတ်လုပ်ခြင်းနှင့် အချက်အလက်စင်တာတို့တွင် အခွန်ခရက်ဒစ်များပေးခြင်းဖြင့် ဆွဲဆောင်နိုင်ကြောင်း၊ လျင်မြန်ပြီးဗျူဟာကျသော ဆုံးဖြတ်ချက်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့်သမ ဝါယမဝန်ကြီးဌာနတို့အပြင် ပုဂ္ဂလိကကဏ္ဍမှလည်း ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းအဖွဲ့လိုအပ်ပါကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းပို့ကုန်များအပေါ် အမေရိကန်က အခွန်ပိုမိုကောက်ခံခဲ့ပါက အီလက်ထရောနစ်နှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများတွင် သက် ရောက်မှုကြီးနိုင်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများတွင် ဝန်ဆောင်မှုမြင့်မြင့်မားမားပေးခြင်းဖြင့် ထုတ်လုပ်မှုပို့ကုန်အပေါ် သက်ရောက်မှုကို ခုနှိမ်နိုင်မည်ဖြစ်ကြောင်း UOB Thailand ၏ စီးပွားရေးပညာရှင် Mr. Sathit Tala-engsatya က ဖြည့်စွက်အကြံပြုထားပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)