ဂျပန်နိုင်ငံသို့ ဇူလိုင်လအတွင်း လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ အများဆုံးဖြစ်ခဲ့ကြောင်း ၁၆-၈-၂၀၂၃ ရက်နေ့တွင် အစိုးရက ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ သိရှိရကြောင်း၊ ယန်းငွေတန်ဖိုးကျဆင်းမှုသည် ခရီးသွားဧည့်သည်များလာရောက်မှုကို တိုးတက်စေပြီး ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ခရီးသွားဧည့်သည် ၂ သန်းကျော် ဝင်ရောက်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လထက်ပင် ဇူလိုင်လအတွင်း၌ ၁၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂.၃၂ သန်းရှိခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့(JNTO)က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
သို့သော် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ခရီးသွားလာမှုများ တားမြစ်ကန့်သတ်ခြင်းမပြုမီ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ် ကြောင်း၊ ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်များ အများအပြားလာရောက်ခဲ့ပြီး ဆယ်စုနှစ်အတွင်း ကုန်ကျစရိတ်အနည်းဆုံး အားလပ်ရက်များဖြစ်စေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဩစတြေးလျနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ခရီးသွားဧည့်သည်များလာရောက်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလထက်ပင် ခရီးသွားဧည့်သည်များ များပြားလျက်ရှိကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့(JNTO)၏ အချက်အလက်များအရ သိရှိရ ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ အဖွဲ့လိုက်ခရီးသွားလာခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ပြီးဖြစ်သဖြင့် ဂျပန်နိုင်ငံသို့ အများဆုံးလာရောက်ကြသည့် ခရီးသွားဧည့်သည်နှင့်ငွေကြေးအများဆုံးသုံးစွဲကြသည့် တရုတ်ခရီးသွားဧည့်သည်လာရောက်မှုမှာ များပြားလာနိုင်မည်ဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍ ဆက်လက်တိုးတက်နိုင်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ဧပြီလမှ ဇွန်လအထိ ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် မော်တော်ယာဉ်တင်ပို့မှု ပြန်လည်အားကောင်းလာခြင်းနှင့် ခရီးသွားဧည့်သည်များလာရောက်မှု ပြန်လည်များပြားလာခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးမှာ မျှော်မှန်းထားသည်ထက် လျှင်မြန်စွာတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၁၉ ခုနှစ်၌ ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် ခရီးသွားကဏ္ဍ၏ပါဝင်မှုအချိုးမှာ ၀.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်မှာ ၃၂ သန်းရှိခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေးကို ယန်း ၅ ထရီလီယံတိုးတက်စေရန် ဂျပန်ဝန်ကြီးချုပ်ဖူမီအို ခီရှိဒက မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုကို ၂ နှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့နိုင်ငံအများအပြားကို ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းနှင့် ၂၀၂၃ ခုနှစ် မေလတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား အဆင့်ပြင်ဆင်သတ်မှတ်ကာ ကန့်သတ်ချက်များဖြေလျှော့ပေးခဲ့ခြင်းတို့ကြောင့် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ တစ်ဖြည်းဖြည်းများပြားလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ၃ သိန်းကျော်ရှိခဲ့ပြီး ဇွန်လနှင့်နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်က လာရောက်ခဲ့သည့်အရေအတွက်ထက် များစွာနည်းပါးနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။
သုံးသပ်တင်ပြချက်
ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ အာဆီယံ ၅ နိုင်ငံအပါအဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံပေါင်း ၆၉ နိုင်ငံမှခရီးသွားဧည့်သည်များအား ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံအတွင်း ပြည်ပမှ ခရီးသွားများလာရောက်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလ၏ ၇၈ ရာခိုင်နှုန်းနီးပါး ပြန်လည်ဝင်ရောက်လာလျက်ရှိသည့်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ဂျပန်နိုင်ငံသို့ခရီးသွားဧည့်သည်စုစုပေါင်း ၁၃ သန်းကျော် လာရောက်ခဲ့ပြီး တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်တို့မှ အများဆုံးလာရောက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်အစိုးရအနေဖြင့်လည်း ဂျပန်နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ခရီးသွားလာမှုပုံစံအသစ်များ ဖန်တီးပေးခြင်း၊ ဝန်ဆောင်မှုအသစ်များ ဖန်တီးပေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
Source: The Asahi Shimbun (၁၆-၈-၂၀၂၃)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)