International News

ဂျပန်နိုင်ငံမှ ထုတ်ကုန်များအပေါ် ဩဂုတ်လ ၇ ရက်နေ့မှစတင်၍ ၁၅ ရာခိုင်နှုန်း တန်ပြန်အကောက်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံမှ ထုတ်ပြန်ခဲ့

Last Updated:

ဂျပန်နိုင်ငံမှ ထုတ်ကုန်များအပေါ် ဩဂုတ်လ ၇ ရက်နေ့မှစတင်၍ ၁၅ ရာခိုင်နှုန်း တန်ပြန်အကောက်ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံမှထုတ်ပြန်ခဲ့သည့်သတင်းအား ၁-၈-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “U.S. sets Aug. 7 as start date for Japan's 15% 'reciprocal' tariff” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံမှထုတ်ကုန်များအပေါ် ၁-၈-၂၀၂၅ ရက်နေ့မှစတင်၍ အမေရိကန်နိုင်ငံမှ ၁၅  ရာခိုင်နှုန်းတန်ပြန်အကောက်ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ၃၁-၇-၂၀၂၅ ရက်နေ့တွင် အမေရိကန်သမ္မတက အထူးအမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအထူးအမိန့်အရ ကောက်ခံသွားမည့် အကောက်ခွန်နှုန်း ၁၅ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံမှ ဂျပန်နိုင်ငံအပေါ် လက်ရှိကောက်ခံလျက် ရှိသည့် အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်းထက်များပြားသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ထုတ်ကုန်များအပေါ် ၂၅ ရာခိုင်နှုန်းအကောက်ခွန်ကောက် ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်နှင့်နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

၃၁-၇-၂၀၂၅ ရက်နေ့တွင် အမေရိကန်သမ္မတက ထုတ်ပြန်ခဲ့သည့်အထူးအမိန့်တွင် နိုင်ငံ/ဒေသပေါင်း ၆၀ ကျော်ကို ၄၁ ရာခိုင်နှုန်းအထိ တန်ပြန်အကောက်ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြောင်းနှင့် အဆိုပါထုတ်ပြန်ချက်တွင် ဆီးရီးယားနိုင်ငံကို ၄၁ ရာခိုင်နှုန်းဖြင့် အများဆုံးကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဗြိတိန်အပါအဝင် နိုင်ငံအချို့ကို ၁၀ ရာခိုင်နှုန်းဖြင့် အနည်းဆုံးကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ/ဒေသအားလုံး၏ ထက်ဝက်နီးပါးအပေါ် ၁၅ ရာခိုင်နှုန်းကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အထူးအမိန့်တွင် ကဏ္ဍအလိုက် သီးခြားကောက်ခံလျက်ရှိသည့် အကောက်ခွန်များဖြစ်သည့် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အစိတ် အပိုင်းများအပေါ် ကောက်ခံသွားမည့် အကောက်ခွန်နှုန်းထားများနှင့် သံမဏိနှင့်အလူမီနီယံအပေါ် ကောက်ခံသွားမည့် အကောက်ခွန်နှုန်း ထားများနှင့်စပ်လျဉ်း၍ ဖော်ပြထားခြင်းမရှိကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် မော်တော်ယာဉ်အပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်း ၂၅ ရာခိုင်နှုန်းကို ထက်ဝက်လျှော့ချကာ ၁၂.၅ ရာခိုင်နှုန်းကောက်ခံ သွားမည်ဖြစ်သည့်အတွက် အကောက်ခွန်တိုးမြှင့်ကောက်ခံခြင်းမပြုမီ မူလကတည်းက မော်တော်ယာဉ်အပေါ်ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်း ၂.၅ ရာခိုင်နှုန်းအပါအဝင် မော်တော် ယာဉ်အပေါ် စုစုပေါင်း ၁၅ ရာခိုင်နှုန်းကောက်ခံသွားရန် ညှိနှိုင်းသဘောတူထားခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြ ထားပါသည်။

မော်တော်ယာဉ်နှင့်မော်တော်ယာဉ်အစိတ်အပိုင်းများအပေါ် ကောက်ခံမည့် အခွန်လျှော့ချခြင်းအပါအဝင် ဂျပန်-အမေရိကန်အကောက်ခွန်ဆိုင် ရာလတ်တလောသဘောတူညီချက်ပါအချက်များကို ချက်ချင်းဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို အမေရိကန်နိုင်ငံဘက်မှဆောင်ရွက်ပေးရန် ဂျပန်ဝန်ကြီးချုပ်က အလေးအနက်တိုက် တွန်းသွားမည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များအပေါ် လက်ရှိကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းကြောင့် ဂျပန်နိုင်ငံမှ မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် ၁ နာရီလျှင် အနည်းဆုံး ယန်းသန်း ၁၀၀ ဆုံးရှုံးလျက်ရှိပြီး၊ ၁ ရက်လျှင် ယန်း ၁ ဘီလီယံမှ ၂ ဘီလီယံအထိဆုံးရှုံးလျက်ရှိကြောင်း ဂျပန်နိုင်ငံ၏ အကောက်ခွန်ဆိုင်ရာညှိနှိုင်းရေးမှူးချုပ် Mr. Ryosei Akazawa က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News