အမေရိကန်နိုင်ငံက ချမှတ်သည့် အကောက်ခွန်နှုန်းထားအသစ်များနှင့် နိုင်ငံစုံပါဝင်သည့် ကုန်သွယ်ရေးစနစ်ပျက်စီးလာမှုစသည်တို့ကြောင့် စိန်ခေါ်မှုများဖြစ်ပေါ်လာသည့်အတွက် စင်ကာပူနိုင်ငံသည် ၎င်း၏ရေရှည်မဟာဗျူဟာများကို ပြန်လည်စဉ်းစားသုံးသပ်ရန် စီးပွားရေးမဟာဗျူဟာပြန်လည်ဆန်းစစ်ခြင်းအဖွဲ့(Economic Strategy Review-ESR)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Gan Kim Yong က “စီးပွားရေးမဟာဗျူဟာပြန်လည်ဆန်းစစ်ခြင်းအဖွဲ့သည် စင်ကာပူစီးပွားရေးကြံ့ခိုင်မှုလုပ်ငန်းအဖွဲ့ (Singapore Economic Resilience Taskforce-Sert)၏လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည့် စီးပွားရေးလမ်းကြောင်းအသစ်တွင် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအတွက် အခွင့်အလမ်းများရရှိရေးအကူအညီပေးရန် ရေရှည် မဟာဗျူဟာများဖွံ့ဖြိုးတိုးတက်ရေးကို အစားထိုးခြင်းဖြစ်ကြောင်း၊ အကောက်ခွန်နှုန်းထားများမှာ လအလိုက်၊နေ့အလိုက်ပြောင်းလဲလျက်ရှိရာ ပြည့်စုံကျယ်ပြန့်သည့် ပြန်လည်ဆန်းစစ်ချက်များဆောင်ရွက်ရန်လိုအပ်ပြီး ရေရှည်တွင် ဆောင်ရွက်သင့်သည်များကို ဆုံးဖြတ်ရာ၌ အလျင်မလိုသင့်ကြောင်း၊ အကောက်ခွန်နှုန်းအသစ်များကြောင့် စည်းမျဉ်းအခြေပြုကုန်သွယ်မှုစနစ်တွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ နိုင်ငံအများစုနှင့်စပ်လျဉ်းသည့် အကောက်ခွန်နှုန်းထားများကို ကြေညာခဲ့ပြီးဖြစ်သော်လည်း အဓိကစီးပွားရေးအင်အားကြီးနိုင်ငံ ၂ နိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံတို့နှင့် ညှိနှိုင်းဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ရှေ့အနာဂတ်တွင် မသေချာမှုများများစွာဖြစ်ပေါ်နိုင်သော်လည်း တစ်ချိန်တည်းတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများရှိလာနိုင်ကြောင်း၊ ထို့ကြောင့် မဟာဗျူဟာကို ပြန်လည်ဆန်းစစ်ရန် အရေးကြီးကြောင်း” ပြောကြားခဲ့ပါသည်။
ESR သည် ကော်မတီ ၅ ခုကို ဖွဲ့စည်းပြီး ကော်မတီတစ်ခုလျှင် နိုင်ငံရေးအရာရှိ ၂ ဦးက ပူးတွဲ ဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စား လှယ်များပါဝင်မည်ဖြစ်ပါသည်။ ကော်မတီ ၅ ခုသည် စင်ကာပူနိုင်ငံ၏ ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းရှိမှု ခိုင်မာအားကောင်းစေရေး၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကို အသုံးချရေး၊ စွန့်ဦးတီထွင်မှုကို ပျိုးထောင်ရေး၊ လူ့စွမ်းအားတိုးမြှင့်ရေးနှင့် ပြန်လည်ဖွဲ့စည်းမှု၏ သက်ရောက်မှုများကို စီမံခန့်ခွဲရေးစသည့် နယ်ပယ် ၅ ခုတွင် ဆောင် ရွက်သွားမည်ဖြစ်ပါသည်။ ကော်မတီ ၅ ခုသည် လာမည့်လများတွင် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ပြီး တွေ့ရှိချက်များနှင့် ၂၀၂၆ ခုနှစ်၊ နှစ်လယ်အတွက် အကြံပြုချက်များကို Sert သို့တင်ပြရန် စီစဉ်ထားပါသည်။ အဆိုပါအကြံပြုချက်များကို သင့်တော်သည့်အချိန်တွင် အစိုးရအဖွဲ့ထံသို့ စဉ်းစားဆုံးဖြတ်နိုင်ရန် တင်ပြမည်ဖြစ်ပါသည်။
“ESR တွင် ဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်ကြမည့် ငယ်ရွယ်သည့် နိုင်ငံရေးအရာရှိများ သည် မတူညီသည့်ရှုထောင့်များမှ ကိစ္စရပ်များကို ရှုမြင်သုံးသပ်နိုင်မည်ဖြစ်ပြီး ဆန်းသစ်သည့် အတွေးအခေါ်များနှင့် အကြံပြုချက်များ ပေးနိုင်မည်ဖြစ်ကြောင်း၊ Sert ကိုအတွေ့အကြုံရှိသည့် ဝန်ကြီးများနှင့်ဖွဲ့စည်းထားသည့်အတွက် ငယ်ရွယ်သည့်အရာရှိများနှင့် အတွေ့အကြုံရှိသည့် ဝန်ကြီးများအကြား အတွေးအခေါ်များ ချိန်ညှိနိုင်မည်ဖြစ်ကြောင်း” ဒုတိယဝန်ကြီးချုပ် Gan Kim Yong က ပြောကြားခဲ့ပါသည်။
ကော်မတီ ၅ ခု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းနှင့်စပ်လျဉ်းသည့် ကော်မတီအမှတ် ၁ ကို ပို့ဆောင်ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီးနှင့် ဘဏ္ဍာရေးရာဝါရင့်ဝန်ကြီး Jeffery Siow နှင့် ကုန်သွယ်ရေး၊ စက်မှု၊ ယဉ်ကျေးမှု၊ လူငယ်ရေးရာဝါရင့်ဝန်ကြီး Low Yen Ling တို့က လည်းကောင်း၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနှင့်စပ်လျဉ်းသည့် ကော်မတီအမှတ် ၂ ကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက်နှင့် ပညာရေးဆိုင်ရာ ဝါရင့်ဝန်ကြီး Jasmin Lau နှင့် ယဉ်ကျေးမှု၊ အသိုက်အဝန်းနှင့် လူငယ်၊ ရေရှည်တည်တံ့ရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝါရင့်လွှတ်တော်အတွင်းရေးမှူး Goh Hanyan တို့ကလည်းကောင်း၊ စွန့်ဦးတီထွင်မှုနှင့်စပ်လျဉ်းသည့် ကော်မတီအမှတ် ၃ ကို ကုန်သွယ်ရေးနှင့် စက်မှုရေးရာဝန်ကြီးနှင့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး Alvin Tan နှင့်ယဉ်ကျေးမှု၊ အသိုက်အဝန်းနှင့် လူငယ်နှင့်အလုပ်သမားရေးရာဝန်ကြီး Dinesh Vasu Dash တို့ကလည်း ကောင်း၊ လူ့စွမ်းအားတိုးမြှင့်ရေးနှင့်စပ်လျဉ်းသည့် ကော်မတီအမှတ် ၄ ကို ပညာ ရေးရာဝါရင့်ဝန်ကြီး David Neo နှင့် အလုပ်သမားနှင့် ကျန်းမာရေးရာ ဝါရင့်ဝန်ကြီး Koh Poh Koon တို့ကလည်းကောင်း၊ ပြန်လည်ဖွဲ့စည်းမှု၏ သက်ရောက်မှုများနှင့် စပ်လျဉ်းသည့် ကော်မတီအမှတ် ၅ ကို ပြည်ထဲရေးရာဝန်ကြီး Goh Pei Ming နှင့် ကာကွယ်ရေးဆိုင်ရာဝန်ကြီး Desmond Choo တို့ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)