International News

အမေရိကန်၏ အခွန်ကြုံတွေ့ရသည့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအား ကူညီပေးသွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

အမေရိကန်က ထိုင်းကုန်စည်များအပေါ် ကောက်ခံရန်သတ်မှတ်ခဲ့သည့် အခွန်နှုန်းထားအသစ်ကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအပေါ် သက် ရောက်မှုများကိုကာကွယ်ရန် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းအပေါ် အခွန်နှုန်းထားအသစ် ၁၉ ရာခိုင်နှုန်းကို ဩဂုတ်လ ၇ ရက်နေ့မှစ၍ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်မှ တင်သွင်းလာသော ကုန်စည်အမျိုးအစား ၁၀,၀၀၀ အပေါ် သွင်းကုန်အခွန်ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ကြေညာချက်ပြီးနောက် နှုန်းထားသည် ယခင်ကြေညာခဲ့သည့် ၃၆ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက နည်းပါကြောင်း၊ ထိခိုက်သည့်လုပ်ငန်းများကို အကူအညီပေးရန် အပြည်ပြည်ဆိုင်ရာ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့တွင် အတိုးမဲ့ချေးငွေများသက်တမ်းတိုးခြင်း၊ ထိုင်းကုန်စည်များအတွက် ဈေးကွက်အသစ်များရှာဖွေဖော်ထုတ်ခြင်း၊Transshipment ကို ကာကွယ်ခြင်းနှင့် အရည်အသွေးနိမ့်သောပစ္စည်းများရောင်းချနေမှုကို တိုက်ဖျက်ခြင်းတို့ပါဝင်ကြောင်း သိရှိရပါသည်။

အခွန်အသစ်ကြောင့် ပို့ကုန်လုပ်ငန်းရှင်များကို ထောက်ကူပြုနိုင်မည့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ SME Pro-Active အစီအစဉ်အတွက် အရည် အသွေးပြည့်မီစေရေးလိုအပ်ချက်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ထောက်ပံ့မှုငွေကို ဘတ် ၂၀၀,၀၀၀ မှ တိုးမြှင့်သတ်မှတ်ခြင်းတို့ဖြစ်ကြောင်း၊ ပုဂ္ဂလိကအဖွဲ့များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အထောက်အပံ့အတွက် အစိုးရ၏ စီးပွားရေးလှုံ့ဆော်မည့်အစီ အစဉ်ရန်ပုံငွေ ဘတ် ၁၁၅ ဘီလီယံမှ ဘတ် ၅၀ သန်းကိုသုံးစွဲသွားမည်ဖြစ်ကြောင်း၊ ထပ်လောင်းအစီအမံများလိုအပ်ချက်အတွက် ဆုံးဖြတ်နိုင်ရန်အချက်အလက်များကို စုဆောင်းလျက်ရှိကြောင်း ဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် Ms. Sunanta Kangvalkulkij က ပြောကြားခဲ့သည်။

ယခုနှစ် ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍတိုးတက်မှုအတွက် National Shippers’ Council ၏ခန့်မှန်းချက် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသည် ဖြစ်နိုင်ပါကြောင်း၊ အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များကလည်း အခွန်နှုန်းထားသည် ဒေသတွင်းအခြားနိုင်ငံများအပေါ် ကောက်ခံမှုနှင့် သင့်တင့်သည်ဟု ပြောကြားကြပါကြောင်း၊ ဈေးကွက်သစ်များနှင့် ကုန် သွယ်မှုသည်လည်း အခြေအနေကောင်းမွန်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍကလည်း နှုန်းထားအသစ်ကို ချိန်ညှိနေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှုကို ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းခန့်မှန်းထားကြောင်း သိရှိရပါသည်။

အမေရိကန်သည် ထိုင်းနိုင်ငံအပေါ် ကနဦးအခွန်နှုန်းထားသတ်မှတ်ချက်သည် ၃၆ ရာခိုင်နှုန်းဖြစ်သော်လည်း ထိုင်းနိုင်ငံအစိုးရ၏အဆိုပြုလွှာ မြန်မြန်ဆန်ဆန်ပြင်ဆင်တင်ပြနိုင်ခဲ့ခြင်းနှင့် အမေရိကန် သွင်းကုန်အမယ် ၁၀,၀၀၀ အပေါ် သွင်းကုန်အခွန်ပယ်ဖျက်လိုက်ခြင်းကြောင့် ခန့်မှန်းထားသည့်နှုန်းထား ၂၀ ရာခိုင်နှုန်းအောက်လျော့နည်းသည့် ၁၉ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပါသည်။ ယင်းနှုန်းထားအသစ်ကြောင့် ထိခိုက်နိုင်မည့်လုပ်ငန်းများအတွက် ထောက်ပံ့ပေးမည့်အစီအစဉ်များကို ကြိုတင်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် လုပ်ထုံးလုပ်နည်းများကိုလည်း ပြန်လည်လေ့လာသုံးသပ်ခြင်းတို့လည်း ဆောင်ရွက်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News