International News

အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် အမေရိကန်အကောက်ခွန်များအပေါ် စိုးရိမ်မှုများကြားမှ ၁၇ ရာခိုင်နှုန်းတိုးတက်

Last Updated:

အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အကောက်ခွန်များအပေါ်စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ၎င်း၏ပင်လယ်စာတင်ပို့မှုသည် လက်ရှိဘဏ္ဍာနှစ်၏ ပထမခြောက်လတွင် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခင်နှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၃,၃၈၅ သန်းမှ အမေရိကန်ဒေါ်လာ ၃,၉၇၄ သန်းအထိရောက်ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ယာယီခန့်မှန်းချက်များအရ စက်တင်ဘာလတစ်လတည်းတွင်ပင် ပင်လယ်စာတင်ပို့မှုများသည် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆၃၂ ဒသမ ၇၀ သန်းမှ ၂၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ကာ အမေရိကန်ဒေါ်လာ ၇၈၁ ဒသမ ၀၂ သန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

Kings Infra ၏ဥက္ကဋ္ဌနှင့် စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်သူ Shaji Baby John က လက်ရှိဘဏ္ဍာနှစ်၏ ပထမနှစ်လတွင် ကျဆင်းမှုရှိခဲ့သော်လည်း ဈေးကွက်အသီးသီးသို့ တင်ပို့မှုတိုးတက်လာခြင်းသည် အဓိကအားဖြင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလဝယ်လိုအားကြောင့်ဖြစ်ကြောင်း businessline သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းက သမ္မတထရမ့်ခေတ်၏ အကောက်ခွန်များကြောင့် အမေရိကန်ပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှုကျဆင်းခြင်းကို ပြန်လည်မျှတစေရန် ဈေးကွက်ချဲ့ထွင်ရာ၌ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပင်လယ်စာထွက်ကုန်တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(MPEDA)နှင့် လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုကဲ့သို့တိုးတက်လာခြင်းဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

ဥရောပ၊ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့မှုများ တိုးတက်လာနေပြီး ကျန်းမာရေးကို ဂရုစိုက်သော စားသုံးသူများက ပရိုတင်းဓာတ်မြင့်မားသည့် ရွေးချယ်စရာများကိုရှာဖွေလာကြသောကြောင့် ပုစွန်များကို လူကြိုက်များလာခဲ့ကြောင်း၊ ယင်းအချက်ကြောင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးပင်လယ်စာဝယ်ယူသည့် နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုသို့ အဓိကသွားသည့် ပုစွန်ထုပ်ကြီးများအစားအခြားဈေးကွက်များတွင် ပိုမိုနှစ်သက်သည့် ပုစွန်အလတ်စားများကို ရေ လုပ်ငန်းလုပ်ကိုင်များက ယခုအခါအာရုံစိုက်နေကြသည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ဈေးကွက် စုံလင်ကွဲပြားစေရန်နှင့် တန်ဖိုးမြှင့်တင်ရန် တွန်းအားပေး

ICAR-ပင်လယ်ငါးဖမ်းလုပ်ငန်း ဗဟိုသုတေသနဌာန(ICAR–CMFRI)တွင်ကျင်းပသော ပင်လယ်ဂေဟစနစ်ဆိုင်ရာ စတုတ္ထအကြိမ်မြောက် နိုင်ငံ တကာနှီးနှောဖလှယ်ပွဲ(International Symposium on Marine Ecosystems-MECOS 4)နှင့်အတူကျင်းပသည့် ရေလုပ်ငန်းဆိုင်ရာအစည်းအဝေးတစ်ခုတွင် MPEDA ၏ဒါရိုက်တာ Ram Mohan က ၂၀၂၅ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုသို့ ပင်လယ်စာတင်ပို့မှု ၆ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့မှုများမှာ သိသိသာသာတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် အာရှဈေးကွက်များဆီသို့ ဦးတည်၍ ကုန်သွယ်မှုဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်လျက်ရှိသည်ကိုဖော်ပြလျက်ကြောင်းသိရသည်။ အဆိုပါအစည်း အဝေးမှ ဟောပြောသူများသည် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ဈေးကွက်စုံလင်ကွဲပြားစေရန်၊ ပိုမိုတန်ဖိုးမြှင့်တင်ရန်နှင့် နည်းပညာအခြေပြုဆန်းသစ်တီထွင်မှုများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ကြ ကြောင်း သိရသည်။

ICAR-ပင်လယ်ငါးဖမ်းနည်းပညာဗဟိုဌာန(CIFT)၏ဒါရိုက်တာ George Ninan က ဆန်းသစ်တီထွင်မှုနှင့် တန်ဖိုးဖန်တီးမှုများအတွက် သုတေသီများ၊ နည်းပညာရှင်များနှင့် ရေထွက်ကုန်လုပ်ငန်းရှင်များကို ပေါင်းစည်းရန် ရေလုပ်ငန်းကဏ္ဍတွင် ခိုင်မာသော ပေါ်ထွန်းစလုပ်ငန်းများဆိုင်ရာ ဂေဟစနစ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ရေလုပ်ငန်းကဏ္ဍမှ ခေါင်းဆောင်များက ပင်လယ်စာကုန်ကြမ်းတင်ပို့မှုများကို ကျော်လွန်၍ ကြီးမားသည့် အလားအလာရှိသော တန်ဖိုးမြှင့်ထုတ်ကုန်များသို့ ပြောင်းလဲထုတ်လုပ်ရမည်ဟု အလေးပေးပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ လက်ရှိတန်ဖိုးမြှင့်ပင်လယ်စာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇၄၂ သန်းရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ထိုင်း၊ဗီယက်နမ်၊ အီကွေဒေါနှင့် အင်ဒိုနီးရှားကဲ့သို့သော ပြိုင်ဘက်များထက် များစွာနောက်ကျလျက်ရှိကြောင်း တွေ့ရှိရ သည်။

၎င်းတို့က ယှဉ်ပြိုင်နိုင်စွမ်းပြန်လည်ရရှိရန်အတွက် သီးသန့်ရေသတ္တဝါမွေးမြူရေးဇုန်များထူထောင်ရန်နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘော တူညီချက်များ(FTAs)ကို အမြန်ဆုံးဆောင်ရွက်ရန်လည်း အကြံပြုခဲ့ကြသည်။ CMFRI ဒါရိုက်တာ Grinson George က ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များကိုမြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်နှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စိန်ခေါ်မှုများအပေါ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ရန်အတွက် လမ်းပြမြေပုံတစ်ခုကို ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Source:    The Hindu Businessline, Maize prices trend below MSP as arrivals pick up amidst easing demand from ethanol, poultry sector, November 4, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News