စင်ကာပူနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Tata Communications နှင့်ပူးပေါင်း၍ ပင်လယ်ရေအောက်ကွန်ရက်ချိတ်ဆက်မှုကို ဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိကြောင်း Singapore Business Review သတင်းစာတွင် ဖော်ပြပါရှိပါသည်။
Tata Global Network(TGN)သည် မွန်ဘိုင်းမြို့နှင့် စင်ကာပူနိုင်ငံအကြား ပင်လယ်ရေအောက် ကေဘယ်လ်ကြိုးများချိတ်ဆက်မှုနှင့် ၂၀၂၉ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်မည့်အကျိုးတူလုပ်ငန်းဖြစ်သော ချင်းနိုင်မြို့နှင့် စင်ကာပူနိုင်ငံတို့အကြား ကွန်ရက်ချိတ်ဆက်မှု စသည့်ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိကြောင်း၊ ကွန်ရက်ချိတ်ဆက်မှုအသစ်သည် အင်တာနက်တွင် ဒေတာအချက်အလက်များသိမ်းဆည်းသည့် စနစ်၊ ဒေတာစင်တာများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဉာဏ်ရည်တု(AI) ဆိုင်ရာ အခြေခံအဆောက်အအုံများအား ကြီးကြပ်ကွပ်ကဲသည့်လုပ်ငန်းများ၏ ဒေတာအသုံးပြုမှုများပြားလာသောကြောင့် ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီဖြေရှင်းရန်မျှော်မှန်းကြောင်း၊ ယခုကဲ့သို့ကွန်ရက်တိုးချဲ့ဆောင်ရွက်ခြင်းသည် စင်ကာပူနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာရှပစိဖိတ်ဒေသတစ်ဝှမ်း ပိုမိုလျှင်မြန်၍ ခံနိုင်ရည်ရှိသောချိတ်ဆက်မှုများဖြင့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်စေမည်ဖြစ် ကြောင်း ဖော်ပြပါရှိပါသည်။
စင်ကာပူနိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာအနှံ့မှ ဒေတာအချက်အလက်များစီးဆင်းရာ အရှေ့တောင်အာရှ၏ အရေးကြီးသော ကွန်ရက်ချိတ်ဆက်မှု အချက်အချာနေရာဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်မှုကွန်ရက်တိုးမြှင့်ဆောင်ရွက်ခြင်းသည် ဒေသတွင်းဒေတာစုစည်းမှုကိုထိန်းသိမ်းလျက် နည်းပညာနှင့် ဆက်သွယ်ရေးအခန်းကဏ္ဍ ၌ အရေးပါသောနေရာမှ ရပ်တည်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရေးဆောင်ရွက်လျက်ရှိပါသည်။
ရင်းမြစ်။ Singapore Business Review သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)