တောင်ကိုရီးယားနိုင်ငံတွင်းငါးကွင်းရှပ်(Mackerel)ဈေးနှုန်းမြင့်မားလာခြင်းကြောင့် သတ်မှတ်ပမာဏအတွင်း တင်သွင်းလျှင် သက်သာသောစည်းကြပ်ခွန်နှုန်းထားဖြင့် တင်သွင်းခွင့်(Tariff-Rate Quota-TRQs)ပြုမည့်အစီ အစဉ်ကို တိုးချဲ့ဆောင်ရွက်သွားမည်ဟု သမုဒ္ဒရာရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန(Ministry of Oceans and Fisheries)က ၆-၁-၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ပြည်တွင်းသိုလှောင်ထားသည့် Mackerel ငါး တန်ချိန် ၂,၀၀၀ ကို ဈေးကွက်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ရောင်းချရာ တွင်လည်း ဈေးနှုန်းကို ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ပြည်တွင်းသို့ Mackerel ငါးတန်ချိန် ၂၀,၀၀၀ ကို စည်းကြပ်ခွန်သုညရာခိုင်နှုန်းဖြင့် တင်သွင်းသွားမည်ဖြစ်ပါကြောင်း သမုဒ္ဒရာ ရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂၀၂၅ ခုနှစ်အတွင်းက TRQs စနစ်ဖြင့် တင်သွင်းခွင့်ပြုသည့် Mackerel ငါးတန်ချိန်မှာ ၁၀,၀၀၀ အထိသာခွင့်ပြုခဲ့သည့်အတွက် ယခုခွင့်ပြုသည့်ပမာဏသည် နှစ်ဆ တိုးလာခြင်းဖြစ်ပါသည်။ ခွင့်ပြုပမာဏထက်ကျော်လွန်သော Mackerel ငါးတင်သွင်းမှုအတွက် တောင်ကိုရီးယားနိုင်ငံသည် လက်ရှိကောက်ခံလျက်ရှိသည့်စည်းကြပ်ခွန်မှာ ၁၀ ရာခိုင်နှုန်းဖြစ်ပါသည်။
တောင်ကိုရီးယားနိုင်ငံသည် နော်ဝေနိုင်ငံမှ Mackerel ငါးများကို အများဆုံးတင်သွင်းလျက်ရှိကြောင်း၊ စုစုပေါင်း Mackerel ငါးတင်သွင်းမှု၏ ၈၀- ၉၀ ရာခိုင်နှုန်းကို နော်ဝေနိုင်ငံမှ တင်သွင်းနေသော်လည်း ယင်းနိုင်ငံတွင် ငါးဖမ်းမှုခွဲတမ်းကို လျှော့ချလိုက်သည့်အတွက် ထုတ်လုပ်မှုကျဆင်းနေကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားပြည်တွင်း Mackerel ငါးရောင်းလိုအားတည်ငြိမ်စေရန် နော်ဝေနိုင်ငံအပါအဝင် ဗြိတန်နိုင်ငံနှင့်ချီလီနိုင်ငံတို့မှ Mackerel ငါးကို TRQs စနစ်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သမုဒ္ဒရာရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
ထို့ပြင် သမုဒ္ဒရာရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် ပြည်တွင်း Mackerel ငါးဈေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်၍ အထူးလျှော့ဈေးပေးသည့် အစီအစဉ်များကို ၈-၁-၂၀၂၆ မှ ၂၅-၁-၂၀၂၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ထားပါသည်။
Source: The Korea Herald
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)